ကစားပွဲ
အဓိပ္ပာယ်ရှိတဲ့ညတစ်ညကို
မင်းငါ့ဆီက ဝယ်လို့မရနိုင်ဘူး
တကယ့်ကို ငါဟာ
အတုယောင်ဆောင်ထားရတဲ့
အစစ်တစ်ခုပါကွာ။
မင်းရဲ့အပြင်းစားရိုက်ချက်တွေ
ငါ့ကိုမထိမှန်တာပဲ
ငါ့ အားနာရဲ့။
ရေချိန်လွန်တဲ့ နူးညံ့သိမ်မွေ့မှုတွေနဲ့
အရေပြားပေါ်က ဒုက္ခတရားတွေကို
ကူညီဖြေရှင်းဖို့
ငါရောက်လာခဲ့တာ။
ရွှေနဲ့လုပ်တဲ့ ညနေခင်းတွေကို
သီချင်းတစ်ပုဒ်နဲ့အရည်ဖျော်လိုက်
မှားနေတဲ့ အမှန်တရားတွေထဲ
မုသားတွေလောင်းထည့်လိုက်။
တယ်လီဖုန်းကို အသုံးပြုတဲ့
ကြွေအံကစားနည်းဟာ မရှိခဲ့ရင်
ဟောဒီအစမ်းသပ်ခံမျက်နှာပြင်မှာ
မင်းနဲ့ငါ လက်ရည်တူတွေပဲ။ ။
ပိုင်စိုးဝေ
ရွှေမင်းဂံ မဂ္ဂဇင်း
၁၉၉၄
No comments:
Post a Comment