ငါ့သင်းကွဲညနေ
ညီမလေးရေ
ကောင်းကင်အဖြူထည်စာမျက်နှာပေါ်
ငါဟာ နိဒါန်းအဖြစ် ကွေ့ကောက်စွာ ရေးခြစ်ခံရသူပါ
ညီမလေးရေ
ဒါ ငါကိုယ်တိုင် ပိုးမွေးခဲ့ညနေခင်းပဲပေါ့
ဖော်ဝေးငှက်တစ်ကောင်လို အဝေးလွမ်း လွမ်းမောမှု
ပူပြင်းခေါင်ခိုက် ခေါ်သံထဲ
ကန္တာရနွေတွန်ရာ ငါ့ရာသီတွေ သွန်းချခဲ့
ညီမလေးရေ
အနွေးထွေးဆုံး အိပ်ဟန်ဆောင်ခြင်းနဲ့
တစ်သက်တာ ငါ့အတွေးအခေါ်တို့ မင်နီစွန်းခဲ့ပေါင်းများပြီ..
ညီမလေးရေ
ဟိုးအဝေးဆုံးအရပ်က ၀ါးလုံးကွဲတောထဂီတသံ
ယုံယုံကြည်ကြည်နားဆင်ဖို့
ရောင်နီမစိုးသေးဘူးလားကွယ်..
ညီမလေးရေ
ဒီလက်ချောင်းတွေတွားသွားရာအရပ်ကဘာလဲကွယ့်..
မှားယွင်းနေတဲ့နေရာ
နောက်ထပ်ငါ့လက်ချောင်းတွေသေဆုံးရတော့မလား..
ငါကိုယ်ဆိုင်ရှင်သန်ပစ်ချင်ရဲ့
ညီမလေးရေ
ချစ်ဦးသူဆီနေ၀င်ခြင်းမှာ အိပ်မက်သစ်တို့သယ်ဆောင်ခွင့်ပေးပါ
အဲဒီ့အိပ်မက်ထဲမှာ အနာဂတ်အားမာန်ပါတယ်
နိုးကြားမှု အဟုန်ပါတယ်
နံနက်ခင်းတစ်ခုရဲ့ ဖူးပွင့်စအာရုဏ်အလင်းတန်းတွေပါတယ်
နှောင်ကြိုးမဲ့ ပဋိပက္ခတွေရဲ့ မျဉ်းဖြောင့်တစ်ကြောင်းပါတယ်
သက္ကရာဇ်တွေ ထမ်းပိုးမယ့် လက်ရုံးနှစ်ခုပါတယ်..။
ညီမလေးရေ
အခုတော့ ငါဟာ အလှမွေးဖန်လှောင်အိမ်ထဲက
ရွှေငါးတစ်ကောင်လို ကိုယ်ပိုင်အလှ ကိုယ်တိုင်ခံစားခွင့်မရခဲ့သူပါ
ဒီလိုနဲ့ ငါ့ညနေခင်းတွေ မနက်ဖြန်ပေါင်းများစွာ မော်ဖူးခဲ့ရပေါ့..။
လူဇော်သစ်
No comments:
Post a Comment