Thursday, November 15, 2012

ငှက်ဆိတ်တဲ့ သစ်စည်း

မပျော်ရှာသူ တစ်ခုလပ်မလေး
လင်မျှော်တေးနဲ့ ပူဆွေးသောကရောက်ရာရှာ
တစ်ခုလပ်မလေး ကြင်ကြင်ရဲ့ အိမ်နဘေးမှာ
ပန်းတွေ အရမ်းကြွေတာပဲလေ
နှုတ်ကြမ်း စိတ်ကြမ်းနဲ့ လမ်းဖြစ်နေသူလည်း ရှိခဲ့ရှာ
အမှားမကျူးဘဲ ရှုံးနိမ့်ရသူ ငါ့မှာ
ငှက်ဆိတ်တဲ့ သစ်စည်းလေးဖြစ်လို့
မွမွကိုကျေလို့ ငါဟာ ငှက်ဆိတ်ခံရရှာသူ သစ်စည်းကလေးပါ
ငါဟာ မက်ဒက်ဘုရင်မဟုတ်သလို ရိုဘော့လဲ မဟုတ်ခဲ့ဘူး .....

အခုတော့ အလိုလိုနေရင်းထိုင်ရင်း အောက်မေးပြုတ်ပြုတ်ထွက်နေရ
အတားအဆီးအပိတ်အဆို့ အကြပ်အညှပ်တွေများလှချည့်
ကိုကာကိုလာရေလေး တစ်ဘူးလောက်သောက်ရရင်
အဆင်ပြေမယ်ထင်တယ်
ပွဲတော်ကြီးထဲ မီးပုံပျံလို ပျံတက်ချင်လှတယ်
ကြယ်ပြာလေးများနဲ့ စကားပြောရင်း
နေစားတဲ့ ပုဆိုးလေးသာဝတ်ရင်းပေါ့
မာကြူရီရယ် မင်း ထွန်းလင်းပုံက ရက်စက်လိုက်တာ
သူငယ်ချင်းတို့ရေ တကယ်တော့လဲ
ပွင့်တစ်ချို့ ကြွေအများပါလားကွယ်

အမေရယ်...
အလုပ်ဂုဏ်ကို မြတ်နိုးချစ်တဲ့ မြို့သူမြိုကသား နိုင်ငံသားတွေ
အထူးလိုအပ်လှပါတယ်
လ၀န်းပြာပြာ နှင်းဆွတ်ဆောင်းရာသီ
ပင်လယ်ပြာပြာအေး မင်းကြီးတောင်ပေါ်က
အိမ်အအိုအမင်းကြီးရယ်
မေမေရယ်၊ ဖေဖေရယ်၊ “ညီမလေးမမမြင့်”ရယ်
သမီးလေးများနဲ့ နွေကို ကိုက်ချီလာသူ ငှက်ဥသြရယ်
တေးသစ်သံတွေရယ်
ကျွန်တော်ရဲ့ မြင်ကွင်းကျယ်စီနီမာစကုပ်ထဲမှာပေါ့
အမေရယ်...
မြို့ပြန်ရွာပြန် ဒဏ်ရာတွေနဲ့ ကိုယ့်အသက်ကိုလက်ပူတိုက်ပြီး
၅၂ နှစ်သား လူမိုက်ကြီးလေ အမေရဲ့
အမေ့ရင်ခွင် နွေးမြ နွေးထွေးဆီ ပျံသန်းခဲ့ပါပြီ
အမေရယ်...
အမေ့သားမှာလေ နာရီ နှစ်သိန်းလေးသောင်း
တေတာင်းခံရန်လဲ သိခဲ့ပြီ
ရောင်းရန်လဲ ရှိခဲ့ပြီ ။ ။

ကဗျာ ။ ။ မောင်ချောနွယ်

No comments:

Post a Comment