Thursday, November 15, 2012

‎"သာမန်အမျိုးသမီးတစ်ယောက် ရုတ်တရက်သေဆုံးခြင်း"

မိုးညနေကတော့ ပုံမှန်ပါပဲ
လမ်းလျှောက်သူတွေလည်း ပုံမှန်
လက်ဖက်ရည်ဆိုင်ထိုင်သူတွေလည်း ပုံမှန်
ကွမ်းယာဆိုင်တွေလည်း ပုံမှန်
အဆာပြေဆိုင်လေးတွေလည်း ပုံမှန်
လုပ်သားပြည်သူတွေလည်း
အားသစ်မွေးဖို့ ပုံမှန်အိမ်ပြန်လို့။
သူမဟာ ရှယ်လီကိုမသိခဲ့ဘူး
ဗင့်ဆင့်ဗန်ဂိုးကို မသိခဲ့ဘူး
မြို့မငြိမ်းကို မသိခဲ့ဘူး
ငုယင်ဗန်ထရွိုင်းကို မသိခဲ့ဘူး
ကြည်အေးဝတ္ထုထဲက
"ပျော်နေချိန်မှာ သေရတာ" ဆိုတဲ့
အယူအဆကို မသိခဲ့ဘူး။

ချစ်သူစက်ဘီးကယ်ရီယာမှာ
ခါးကလေးဖက်ပျော်နေတုန်း
ဗြုန်းဆို
သေမင်းရဲ့ ဓားကောက်ဖျားမှာ
အသက်ဟာ ချိတ်ပြီးပါသွားရ
ပြဌာန်းပြီးသား အကုသိုလ်က
ပြဌာန်းပြီးသား ကံကြမ္မာအတွက်
ပြဌာန်းပြီးသလို ဆောင်ရွက်ခဲ့ပုံ။
နေပုံနေနည်းတွေ တွေးမိတဲ့အခါ
သေပုံသေနည်းတွေအစိုးမရတဲ့အခါ။
တစ်ဖက်ကတွေးတော ကံဆိုးတယ်
တစ်ဖက်ကကြည့်တော့ ဝဋ်ကျွတ်တယ်
ဒါပေမယ့်
အားလုံးဟာ စုတ်တသပ်သပ်။ ။

ဖွဲ့သီသစ်

No comments:

Post a Comment