Thursday, November 15, 2012
"ကျေးဇူးများတဲ့ကဗျာ"
ကျေးဇူးတင်ပါတယ် လို့
ကျေးဇူးစကားကို လွယ်လွယ်ပြောတတ်ကြပေမယ့်
ကျေးဇူးရှင်စစ်စစ်တွေကို
ကျေးဇူးသိတတ်ဖို့တော့ မလွယ်ဘူး။
ကျေးဇူးမဆပ်နိုင်ရင်တောင်
ကျေးဇူးရှိတယ်ဆိုတာကို သိနေရင်ပဲ
ကျေးဇူးသိတတ်တယ်လို့ ဆိုရမယ်။
ကျေးဇူးခံထားလို့
ကျေးဇူးစားတာဆိုပြီးတော့
ကျေးဇူးချင်း ချေပစ်နေတာတွေဟာ
ကျေးဇူးတင်ရမှာစိုးလို့
ကျေးဇူးကန်းခြင်းတစ်မျိုးပါပဲ။
ကျေးဇူးတရားကို ဆင်ခြင်အောက်မေ့နိုင်စွမ်းဟာ
ကျေးဇူးသိတဲ့သူတော်ကောင်းတွေသာ လုပ်နိုင်တာပါ၊
ကျေးဇူးကြီးမားလေလေ
ကျေးဇူးဆပ်ရ ခက်လေလေမို့
ကျေးဇူးဆိုတာကို ဘာဝနာတစ်ခုလို ပွားများသင့်တာပေါ့။
ကျေးဇူးရှိမှ ကျေးစွပ်တယ်ဆိုတာကလည်း
ကျေးဇူးရှင်ကို စော်ကားကြတဲ့ လူမိုက်တွေကြောင့်ပါပဲ
ကျေးဇူးပြုကြသူတွေဟာ
ကျေးဇူးတုန့်ပြန်လာမှာကို မမျှော်ကိုးဘဲ
ကျေးဇူးရှင်နာမည်လည်း မခံယူဘဲ
ကျေးဇူးဆပ်နေသလို ပြုမူလုပ်ဆောင်နေကြတာပါ။
ကျေးဇူးရှိတယ်လို့ ကိုယ်တိုင်က တဖွဖွပြောပြီး
ကျေးဇူးရှိကြောင်းကိုယ့်ဘာသာ ကြေငြာနေတာကတော့
ကျေးဇူးရှင်ယောင်ဆောင်ချင်လို့ပဲပေါ့။
ကျေးဇူးအကြောင်း ဆင်ခြင်ပွားများမိရင်း
ကျေးဇူးနဲ့ပတ်သက်ပြီး ရေးလိုက်မိတဲ့ ဒီကဗျာ
ကျေးဇူးများခဲ့ပါရဲ့ ။ ။
မောင်မျိုးမွန်
"ငါ့ရယ်သံဟာ တွင်းဝင်မဖြောင့်ခဲ့ဘူး"
ပျော်ချင်ယောင်ဆောင်ထားတဲ့ ငိုရွှင်ဖွယ်ရာဇာတ်ရုံထဲ
လူ့အဖြစ်ကို အသားကျအောင် မစီးနိုင်သေးသမျှတော့
ငါ့ရယ်သံဟာလည်း တွင်းဝင်မဖြောင့်နိုင်ဘူးပေါ့
ဇက်ကုန်ဖွင့်မိုက်ရတော့မယ့် ရာသီဥတုကလည်း သဲနဲ့တရှပ်ရှပ်
တစ်ဘဝလုံးဆက်စီးထားရတဲ့သံသယက
ဘယ်တော့ပြုတ်ထွက်မှာလဲ
ခေါ်သံမှာ ငါ့ထံပြန်မလာသူ ပဲ့တင်ရေ . . .
ကိုယ့်အမြီး ကိုယ်ပြန်မြိုထားရတဲ့ မြွေတစ်ကောင်ဆိုရင်တောင်
ခုလို
ကရွတ်ကင်းလျောက် ပုလွေသံတွေနဲ့တော့ အာပတ်ပြေမှာမဟုတ်ဘူး
(တမြည့်မြည့်သွေးထားတဲ့
အရိုးများများ အသားကနည်းနည်းနေ့တွေအားနာလို့)
ခုတော့ ရေကြည်ရာ မြက်နုရာရှာနေရတဲ့ ကြိုးတန်းလမ်းလျှောက်မီးလောင်ပြင်ထဲ
တွင်းဝင်မဖြောင့်နိုင်တဲ့ ရယ်သံတွေနဲ့
အသားတုံးသာသာ လူစင်စစ် ဧကန်ဖြစ်ခဲ့တယ်။ ။
နောင်မင်းနိုင်
"ပင့်သက်"
အားလုံးက
ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။
ဒါပေမယ့်
ထပ်မံရှုပ်ထွေးခြင်းတွေ မွေးဖွားခဲ့ပြီ။
ငါတို့
အမှောင်တွင်းမှာ
မျက်နှာအဝတ်စည်းပြီး
ပြုံးရယ်တတ်ဖို့ ကြိုးစားကြရအောင်။ ။
ဖျာပုံမောင်မောင်စန္ဒာ
"ပျော်ရွှင်သူ"
အမှန်တရားက ဖိနပ်ပြင်နေချိန်မှာ အမှားက ကမ္ဘာတစ်ပတ်ပြည့်ခဲ့တာလား
သူတော်စင်က ပုတီးတစ်ပတ်ပြည့်ချိန် သူမိုက်က ငိုက်မြည်းနေတုန်းလား
တစ်ယောက်က အခွန်း (၆၀) ဆရာခေါ်မှ
တစ်ယောက်က တစ်ခွန်းပဲ ပြန်ထူးတာလား
မပြီးနိုင်၊ မစီးနိုင်လည်ပတ်နေတဲ့သံသရာမှာ
နံနက်ခင်းပွင့်တဲ့ ပန်းကအစ ဆုံလည်နွား
ချစ်ခြင်းမေတ္တာတွေ ဆင်ကန်းတောတိုးနဲ့
ဝင်ဝင်ပူးနေတဲ့ ဝိညာဉ်များ
ကိုယ် ဒီနေရာ ပြန်ပြန်ရောက်လာတာ
ဘယ်နှကြိမ်ဘယ်နှခါရှိပြီလဲ
ရောက်ချင်ပေမယ့် မရောက်သေးတဲ့ တစ်စုံတစ်ရာအတွက်
မရောက်ချင်ပေမယ့် ရောက်လာဦးမယ့် တစ်စုံတစ်ရာအတွက်
မွေးနေ့ဟာ လောကမာယာနောက်တစ်ခွက်လား။ ။
ဝိုင်ချို
"သာမန်အမျိုးသမီးတစ်ယောက် ရုတ်တရက်သေဆုံးခြင်း"
မိုးညနေကတော့ ပုံမှန်ပါပဲ
လမ်းလျှောက်သူတွေလည်း ပုံမှန်
လက်ဖက်ရည်ဆိုင်ထိုင်သူတွေလည်း ပုံမှန်
ကွမ်းယာဆိုင်တွေလည်း ပုံမှန်
အဆာပြေဆိုင်လေးတွေလည်း ပုံမှန်
လုပ်သားပြည်သူတွေလည်း
အားသစ်မွေးဖို့ ပုံမှန်အိမ်ပြန်လို့။
သူမဟာ ရှယ်လီကိုမသိခဲ့ဘူး
ဗင့်ဆင့်ဗန်ဂိုးကို မသိခဲ့ဘူး
မြို့မငြိမ်းကို မသိခဲ့ဘူး
ငုယင်ဗန်ထရွိုင်းကို မသိခဲ့ဘူး
ကြည်အေးဝတ္ထုထဲက
"ပျော်နေချိန်မှာ သေရတာ" ဆိုတဲ့
အယူအဆကို မသိခဲ့ဘူး။
ချစ်သူစက်ဘီးကယ်ရီယာမှာ
ခါးကလေးဖက်ပျော်နေတုန်း
ဗြုန်းဆို
သေမင်းရဲ့ ဓားကောက်ဖျားမှာ
အသက်ဟာ ချိတ်ပြီးပါသွားရ
ပြဌာန်းပြီးသား အကုသိုလ်က
ပြဌာန်းပြီးသား ကံကြမ္မာအတွက်
ပြဌာန်းပြီးသလို ဆောင်ရွက်ခဲ့ပုံ။
နေပုံနေနည်းတွေ တွေးမိတဲ့အခါ
သေပုံသေနည်းတွေအစိုးမရတဲ့အခါ။
တစ်ဖက်ကတွေးတော ကံဆိုးတယ်
တစ်ဖက်ကကြည့်တော့ ဝဋ်ကျွတ်တယ်
ဒါပေမယ့်
အားလုံးဟာ စုတ်တသပ်သပ်။ ။
ဖွဲ့သီသစ်
လူဆန်တဲ့သီချင်း
ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…
ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။
ကိုယ့်ကိုကိုယ် ဖြူတယ်လို့တော့ မဆိုလိုပါဘူး
ရှင်သန်ခြင်းမှာ တို့တွေဟာ ကိုယ်ပိုင်အရောင်တွေနဲ့ကွဲလွဲလို့။
နံပါတ်တစ် မဖြစ်ချင်ခဲ့ဘူး
ဒါပေမယ့် ကိုယ့်ဖြတ်သန်းမှုထဲမှာ ဘယ်လိုဂုဏ်သတ္တိတွေ ပါမလဲ…
ထည့်သွင်းစဉ်းစားရင်း
ဖြည့်စွက်ပြင်ဆင်ရင်း
ကိုယ့်ကိလေသာယန္တရားကြီးက သူများတွေထက် သွားနှုန်း နှေးနေတာ ။
ချင်ခြင်းတွေကို “ချဉ်”လို့ မရသေးတဲ့ မြေခွေး
ဆေးရောင်စုံ စပျစ်သီးလေးတွေ တွေ့တိုင်း
ထထ ခုန်တတ်တဲ့အကျင့် ပြင်မရသေးဘူး။
တခါတလေ အလွမ်းတွေ လမ်းကူးမှားတဲ့အခါ
ကိုယ့်လမ်းဟာ အဆွေးရောင်သန်းချင်လည်း သန်းမှာပေါ့။
ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။
အလွဲကြီးလွဲခဲ့တဲ့ ကိုယ့်အိပ်မက်တွေကို ခေါင်းအုံးအိပ်
နောင်တတန်းလန်းနဲ့ လက်ကျန်ဘဝကြီးကို ဆုတ်ကိုင်ထားရင်း
အနေအထိုင်မတတ်တဲ့ စိတ်ကလေး ရှိနေသေးတာကိုပဲ
ကိုယ့်ကိလေသာယန္တရားကြီး လူဆန်နေတုန်းလို့
ရိုးရိုးလေး တွေးမိပါတယ် ။
လင်းဒီပ ၂၆.၇.၀၉
နှုတ်ဆက်တေး
အချစ်ဆုံးရယ်
နောက်ဆုံးခွဲခွာ၊သောအခါဝယ်
သက်လျာကိုယ့်အား၊လွမ်းသောအားဖြင့်
သနားငိုကြွေး၊ရှိုက်သံတေးကို
ဟစ်ကြွေးမဆိုပါနဲ့ကွယ်။
လွမ်းသူ့နိမိတ်၊နှင်းဆီရိပ်လည်း
တဆိတ်စာပင်၊မလိုချင်တော့
နာကျင်ကြေကွဲ၊ဝမ်းနည်းထိမ်းမှတ်
ဆိုက်ပရပ်စပင် ၊ကိုယ့်ဝန်းကျင်မှာ
သခင်မစိုက်ပါနဲ့ကွယ်။
သဘာဝ၏၊အလှဖန်ဆင်း
နှင်းရည်ဖြန်းဆန်း၊ငြိမ်းချမ်းလျက်သော်
ကိုယ့်အဖော်နှယ်၊စက်ပျော်ချမ်းမြ
နေပါရစေ။
ကာလရှည်ကြာ၊ထိုအခါမှ
သက်လျာငယ်ကျွမ်း၊ကိုယ့်ကိုမှန်း၍
လွမ်းချင်လွမ်းနေပါတော့ကွယ်
မေ့ချင်မေ့နေပါတော့ကွယ်။
မိုးရိပ်လေရိပ်၊သစ်ဝါးရိပ်ဟု
အရိပ်ကိုလျင်၊မမြင်သာပဲ
ကြင်နာလှိုက်လှဲ၊ကြေကွဲပူဆွေး
နိုက်တင်ဂေးလ်၏၊တေးချိုနားတွင်
မဆင်သာပဲ.....
ဘယ်မှာနေထွက်၊ဘယ်ဘက်နေဝင်
မမြင်သာပဲ...........
ကိုယ့်မှာမိန်းမော၊အိပ်မက်တ္ပော၌
တွေးတောဆင်ခြင်၊မင်းရုပ်သွင်ကို
လွမ်းချင်လွမ်းနေမှာပေါ့ကွယ်
မေ့ချင်မေ့နေမှာပေါ့ကွယ်။ ။
မြင်းမူမောင်နိုင်မိုး
ကျောရိုးမရှိတဲ့နှုတ်ခမ်းများ ....
မာနတဲ့
ဟာသ တစ်ခုကောက်ရတယ်
ဆေးမစားမီပုံကလေးပေါ့
လက်ကလေးနောက်ပစ်
လောကကြီးကိုသူသာချစ်သတဲ့
မလင်းပြာအပျိုဖြစ်ကာမှ
နောက်လျှာအသစ်နဲ့နတ်သံနှော
..အစက ကျုပ်မပြောလားဗျာ…
ကွယ်..သူကလည်း
..လျှာသွေးလိုက် နှာစေးလိုက် နဲ့
ဒါရေးဖို့အသက်ရှူတာဆိုပဲ
ကာဗွန်စက္ကူက သီချင်းဆိုပြတယ်
ရယ်ရတယ်နော်။
သိလား
လတ္တာမန်ဂစ်ရှကား၊အာရာဒါးနား
ခုအသံက အဒိန္နဒါနားလား
ဆားမပါတဲ့နှုတ်ခမ်း
ခွက်ထိုးခွက်လန်လွမ်းလောက်ပါတယ်။
ဒီလိုပေါ့လေ
အကြွေးရောင်းမိတဲ့ပုံကို
အကြွေးမရောင်းတဲ့ပုံက ပြုံးပုံမျိုး
ပြုံးသွားနိုင်ကာမှ
လောကကြီးကို မာန တဲ့
မီးကိုချစ်တဲ့
ဖီးနစ်နွယ်ဖလံပိုး
အတောင်ကျိုးလောက်မှ
မီးနဲ့ရေချိုးဖူးပါစ
နေကြာပန်းဝေဒနာနဲ့
အာဆူလာအတွက်
စက္ကူနဲ့ထုပ် လက်ဆောင်လုပ်ဖို့
ဖြုတ်ယူလာတဲ့
နားရွက်လောက်မှ
အသက်ဓါတ်ပါပါစ
လူပျက်ချင်း ပုဆိုးမ
တို့လောကမှ ရယ်ရတယ်
ကိုယ့်ကျောကိုသပ်
ကဗျာစပ်သတဲ့
အိမ်း..နှာစေးတတ်တာ
လွန်ပါရောကွယ်။ ။
ဇော် (ပျဉ်းမနား)
၁၉၉၀ သြဂုတ် မဟေသီ
ကျောကသားရင်ကသား
ရင်ပွေ့လို့တစ်ကောင်ခေါ်
ကျောပေါ်ကတစ်ကောင်ပိုး
တောလိုက်သံခမျာကြောက်လို့
ကိုင်းပင်ယံပြေးခုန်လျှောက်တယ်
မျောက်မညိုကိုး ။ ။
ကြည်အောင်
သား.....
မပေါ့မပါး
ခရီးသွားတဲ့
မီးဖွားတော့မယ့်
မိခင်တစ်ယောက်။
မိခင်က
လခြမ်းသဖွယ်
ကလေးငယ်ကို
သယ်ဆောင်လှမ်းတက်
ခရီးဆက်။
ဝမ်းအိမ်အလယ်
ကလေးငယ်လည်း
အချင်းကိုသယ်
စလွယ်သိုင်း
တောရိုင်းမြေကြမ်း
အတူလှမ်း
သားအိမ်ထမ်းရင်းနဲ့မိခင်နဲ့။ ။
ကြည်အောင်
(မိခင်ကိုသိပ်ချစ်တဲ့ မိခင်ကသိပ်ချစ်တဲ့ သား ဆရာကြည်အောင်ရဲ့ သားကဗျာပါ..)
အဝေးမှာမိုးတွေရွာပြီ
အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။
မျက်စိနဲ့မြင်နိုင်သရွေ့
ဖျောက်ဖျက်ပစ်ဖို့ရာလွယ်လှပေမယ့်
စိတ်နဲ့ချောင်းကြည့်နိုင်သရွေ့တော့
အတိတ်ကိုတွေ့နိုင်ပေလိမ့်မယ်။
ငါ့ကိုယ်ငါမယုံကြည်ရတဲ့နောက်မှတော့
သူတို့ကိုရောဘယ်လိုယုံကြည်ရပ
သူတို့ဆိုတာ
အချစ်ရယ်
မိတ်ဆွေများရယ်
လောကဓံတရားရယ်လေ..။
အချစ်ဆိုတာ
တစ်ခါတစ်ခါတပ်မက်ဖွယ်ညွတ်ကွင်း
တစ်ခါတစ်ခါကျတော့
နှောက်ယှက်တဲ့ခြေကျဉ်းလို
ခေါင်းမာစွာငြင်းဆန်နေမိပေါ့..။
အိပ်မောကျလုနီးမှ
ဒါဏ်ရာတွေကိုနှိုးနှိုးပြီးမေးတယ်
ဘာအတွက်ပေးဆပ်ခဲ့ရတယ်ဆိုတာ…။
ရှာပြီးရင်းရှာခဲ့တယ်
ငါ့ကိုယ်ငါနှစ်မြုတ်နိုင်မယ့်ကျင်းသစ်တစ်ခုဆီ
တူးဖော်ပြီးရင်းတူးဖော်ခဲ့
မြို့ဟောင်းတစ်မြို့ကိုမဟုတ်
ရုပ်ကြွင်းတစ်ခုကိုမဟုတ်
မြေကြီးအနွမ်းတွေကိုငါမစားလို
လက်ယက်တွင်းရေချိုကိုသာ
ငါသောက်လိုရဲ့။
အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။
ခေါင်းငိုက်စိုက်ချရင်း
အပြင်းအထန်တူးဆွနေခဲ့ပေါ့..
ဒီမယ်တော့
လက်ယက်တွင်းတစ်တွင်းစာ
မျက်ရည်တွေမိုးလိုရွာပြီ…။ ။
မြတ်
ငါ့အားရစ်ပတ်လာသော ရေဘဝဲတစ်ကောင်၏ လက်တံများကိုဖြတ်တောက်ရန်ကြိုးပမ်းခြင်း
အာဒမ့် နံရိုးတစ်ပိုင်းတစ်စရဲ့
ကိုယ်ပွားတစ္တေများ
ငါ့အားခြောက်လှန့်နေ..
လှပသော တင့်တယ်သော
ဝင်းဝါသော ပြိုးပျက်သော
ကိုယ်ဖြင့်
ကိုယ်ထင်ပြလျက်
ဗီးနပ်စ နတ်သမီးများ
ခြောက်လှန့်ရယ်မောနေ
ဟိုမှာ..ဒီမှာ..
နေရာအနှံ့..။
ကွေးညွတ်နေသောသက်တံ
ခရမ်း၊မဲ၊ပြာ၊စိမ်း၊ဝါ၊လိမ်၊နီ
အရောင်ခုနှစ်မျိုးဖြင့်လှပ၏
လှပသော ဗီးနပ်စတစ်ပါး
သက်တံပေါ်က
လာလေ …လို့လက်ကမ်း
ငါခေါင်းရမ်းခဲ့
သွားစမ်းပါဗျာ…လို့
ခပ်ရမ်းရမ်းလည်းငါအော်ခဲ့..
ငါ့ဘဝပေတံမှာ
အချစ်အတွက်နေရာ
လက်မအစိပ်အပိုင်းမျှသာ……။
တေးဆိုသောပန်းများ
လန်းဆန်း၏
လှပ၏
မွှေးပျံ့၏
သို့သော်..မနမ်းအားသေး..
ချောင်းကမ်းစပ်၌
ငါ..ဒေါင်းဖမ်းရဦးမည်…။ ။
ကျော်စွာထက်
သံစုံကြူးတဲ့ည
ညက
တိတ်ဆိတ်လို့.
ခုန်နေတဲ့ကြယ်သံတချွင်ချွင်လည်းမရှိ
အတွေးကို
စကားအကျယ်ကြီးပြောမယ့်
လမင်းလည်းမရှိ
လေပြည်လည်းလက်ပြတ်ကျ
သစ်ရွက်တွေညပ်ခဲနေတဲ့ညပေါ့..
အဲဒီညမှာ
ကတိစကားနဲ့အမှား
ဦးသူစားတမ်းဖြစ်ခဲ့တယ်။
ပန်းပွင့်တွေက
ကိုယ်ပွင့်တဲ့ပန်းကိုကိုယ်ပြန်ပန်ထားတဲ့ည
ကိုယ်ချင်းစာတရားနဲ့ရင်ခုန်သံ
အပြန်အလှန်မျိုနေကြတဲ့ည
သန်းခေါင်ယံလရောင်ရဲ့ရည်ရွယ်ချက်က
တဖြည်းဖြည်းမင်းဘက်ကိုပါသွားတဲ့ည
အဲဒီညမှာ
စကားလုံးတွေ
ရင်ပတ်ပေါ်ဝုန်းကနဲဝုန်းကနဲ
ခုန်တက်လာကြပြီးမှ
ဘာမှမပြောပဲ
သစ္စာရှိရှိအသေခံသွားခဲ့တယ်။
မျက်ရည်တွေဖောက်ချပြီးစမျက်လုံးထဲ
နောင်တငါးတစ်ကောင်တစ်ဖျပ်ဖျပ်ခုန်နေတဲ့ည
အမှောင်နုထံစွန့်ခဲ့တဲ့အနမ်းဦးတို့
ပျော်ပါးမြူးတူးတဲ့ည
ခံစားမှုမှာ ဥိးနှောက်တစ်ခြမ်းတိတိ
ညွတ်ကွင်းမိတဲ့ည
အဲဒီညမှာ
ငယ်ဖော်..ငယ်ပေါင်း…ကျောင်းနေဖက်..
သူငယ်ချင်း…အခင်ဆုံး..အချစ်ဦး..အချစ်ဆုံး..
အဲဒီစကားလုံးတွေ
တစ်ကောင်နဲ့တစ်ကောင်
အသေကိုက်ကြပြီး..
မောသွားတော့
အမှောင်ထဲ အိပ်မောကျနေခဲ့တယ်။ ။
နီကိုရဲ
၁၉၉၅နိုဝင်ဘာ တေးကဗျာ
သုညကို..သိုက်တူးရန်
သုညကို..သိုက်တူးရန်
ရတနာမြေပုံ ကိုင်လျက်...
လမ်းပျောက်ခဲ့ရသော..နေ့ရက်များ
ညစာစားပွဲ ...
တိမ်တွေကိုဖမ်းပြီး
ချက်ပြုတ်နေပုံများ
ခြံစည်းရိုးနောက်မှာ
စားရမဲ့သောက်ရမဲ့တွေဟာငေးးလို့။
မနက်မနက်မှာ
လမ်းမှားပြီးရောက်လာတတ်တဲ့
ဓူဝံကြယ်က
ပေါင်မုန့်တွေကိုမေးလိုက်တယ်
မြောက်အရပ်ဟာဘယ်ဘက်မှာလဲတဲ့..။
အရိပ်ထဲမှာတော့
တစ်ယောက်ကိုတစ်ယောက်ဓါးတွေနဲ့စိုက်နေ
ပြီးတော့ရယ်မောလိုက်ကြ
အရေပြားတွေကိုဝိုင်အရက်နဲ့ပက်ချ
နျူရိုးဆစ်ဖြစ်နေတဲ့ညဟာ
ခြေဦးတည့်ရာပြေးနေ..။
ကြောင်တောင်ကန်းမျက်လုံးများ
သတ္တုသံထွက်နေတဲ့ရယ်သံ
စီးကရက်မီးခိုးများ
ချွင်ကနဲဖန်ခွက်ချင်းထိ
ကျေးဇူးတွေနဲ့တစ်ခန်းလုံးလျှောက်ပွ
နောက်ထပ်ယူဦးမလား
ခြေရာမိုးတွေသွန်းဖြိုးရွာ….
……………………….။
ပွဲပြီးသွားတဲ့အခါ
ခြေရာလက်ရာမပျက်
ဖုတ်ဖက်ခါထွက်သွားကြ
မြေဇာမြက်တွေခမျာသာ
နွမ်းရိလို့ကျန်ခဲ့ရှာ..။ ။
သရ၀ဏ် (ပြည်)
ကဗျာ ...
ကမ္ဘာမြေပြင်ရဲ့
သေခြင်းမဲ့အသည်းနှလုံး
ငါ့အချစ်ဆုံးပေါ့
သစ္စာတရားကို တိုက်ရိုက်ဘာသာပြန်ထားတာဖြစ်တယ်။
မင်းဆက်ငြိမ်း
ကဗျာဆိုတာ
ကဗျာဆိုတာ
နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက် စီးဆင်းနိုင်တဲ့ မြစ် ဖြစ်တယ်။
စကြဝဠာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင်
ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့ ... ကဗျာကို ... သြော် ..
ဘယ်သူတွေများ ချစ်နိုင်ပါလိမ့် ..။
မောင်သိန်းဇော်
ကျွန်မနှင့် ကိုယ်ဝန်သည်များ
မှုန်ညံ့စွာ သွန်းကျလာသည့် ဝိစိကိစ္ဆာများအတွက်
ကြမ်းခင်း တစ်ခုလုံး လင်းတောက်ရုံမျှဖြင့်
ကိုယ်ဝန်ဆောင်နိုင်သည့်
ကကြီးများ …ခကွေးများ ..ဂငယ်များ ..
စုပ်ယူနိုင်သမျှအတွက် အလိုက်သင့် ရွတ်ဆို
ပြီး အလျားလိုက် ရေတွက်။
ပရောဟိတ် ဆရာတို့၏
အဖန်ဖန်ကမ်းသည့် ယပ်တောင်
နံရံများပေါ် အရိပ်များဖြစ် တဖျတ်ဖျတ် ယိမ်းထိုးလို့။
တစိမ့်စိမ့် အေးခဲ ဖွဲ့တည်
ရှိနိုင်သမျှရဲ့ မဲ့ခြင်းအားလုံး
ကုန်ဆုံးတော့မည့် ပန်းချီကားအတွင်း
ချက်ချင်းခုန်ဝင်
သစ်ပင်တွေနဲ့ တောလမ်းကလေးအဖြစ်
မတ်တတ်ရပ်လိုက်ရဲ့။
မရှုနိုင် မကယ်နိုင် အောင့်သက်ပြင်းပြင်းဖြင့်
မြစ်ကျဉ်းတစ်ခုပေါ်
တောင်ပံတစ်ခု အရေခွံတစ်ခု
ကန့်လန့်ဖြတ်ကျခဲ့။
နောက်ဆုံး .. တွင်
ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာခဲ့သည့်
လည်ချောင်းဝအတွင်းမှ
မြစ်ကျဉ်းများ၊ နံရံများ၊ တောလမ်းကလေးများ ..
စကားလုံးများပေါ် ခပ်ပျစ်ပျစ် နှစ်ချလိုက်ရဲ့။
ဖွဲ့နွဲ့မှု တစ်ခု ထပ်မံမွေးဖွားဖို့ .. ကျွန်မနှင့် သရများ
ပြီး ..
ကျွန်မ၏ ကိုယ်ဝန်သည်
ကကြီးများ …ခကွေးများ .. ဂငယ်များ …ဃကြီးများ …..
ဖြူမွန်
(၁၉ ၉ ၉ ၊ ဖေဖော်ဝါရီ၊ မဟေသီ မဂ္ဂဇင်း)
အသံထွက်ဗျည်း
အိပ်ယာဝင်ချိန်
မျက်လုံးအိမ်ကို အနားပေး
နွေးထွေးစွာ အိပ်ကြဖို့
မျက်စိသူငယ်အိမ်တွေက နှိုးဆော်
“ အိပ်ပျော်ချိန် ၈ နာရီရှိမှ ” တဲ့
ဆရာဝန်ရဲ့ စကား
ဖျားနာနေတဲ့ နှလုံးသားကို မကျီစယ်ပါနဲ့။
ပရိုဇင်း တဲ့
ဗေလီယံ တဲ့
ဒိုင်ယာဇီပန် တဲ့
ပေးတတ်လိုက်တဲ့ နာမည်တွေ
ကြားရုံနဲ့ ရီဝေဝေ လွင့်မျော
နှစ်ခြိုက်စွာ အိပ်မောကျဖို့
သူတို့ကယ်မှ တဲ့လား …
ဆွံ့အနေတဲ့ နှလုံးသားကို မနှိပ်စက်ပါနဲ့။
အပြာရောင်ကောင်းကင်
“ မိုးယံဝဝယ် လကိုမြင်
ကြယ်စင် ဟုတ်ဘူး ”
မြဝတီဦးစကိုမှန်း
လွမ်းဓလေ့ပတ်ပျိုး တစ်ပိုင်းတစ်စ
သန်းခေါင်မှာ ထိုးခွဲ
တိမ်သားထဲမှာ နှစ်များကြာခဲ့ပေါ့
ဆို့နစ်နေတဲ့ နှစ်လုံးသာကို မခြေမွပါနဲ့။
ဗျည်းသုံးဆယ့်သုံးလုံးထဲက
ဆယ်လုံးမြောက်ဗျည်းကလေး
အေးစက်ထုံထိုင်း ခပ်ရိုင်းရိုင်းဆက်ဆံ
သူ့သဏ္ဍန်ဟာ
မှန်မှာတစ်မျိုး
အပြင်မှာတစ်မျိုး။
သည်လိုနဲ့ပဲ
တိတ်ဆိတ်စွာကြေကွဲနေတဲ့
အိပ်စက်မှုတွေ ကာလမှာ
နောက်ဆုံး “ အ ” တစ်လုံး
ဆယ်လုံးဗျည်းရှေ့
နှစ်ဆင့်ထိုး ရှေ့ထွက်
ခပ်သွက်သွက် ရင်ကော့
မအိပ်တော့တဲ့ ငါ့နား
မာရသွန် ခြေဖဝါးနဲ့
လွှားကနဲ ခုန်ချ။
အောက်နှုတ်ခမ်းက စိမ့်ထွက်လာတဲ့
သွေးစတွေကတော့
မေးဖျားနဲ့တွေ့ဆုံ နေကြပေါ့။ ။
ခင်ဝင်းသစ်
( ၁၉ ၉ ၃၊ စက်တင်ဘာ၊ ရွှေသမင် မဂ္ဂဇင်း)
သားကို ရေးပြမိတဲ့ စာစီစာကုံး
(အစ)
ဟောဒီမှာ ကြည့်ကြစမ်းကွဲ့
အလိုဆန္ဒကလွဲရင် ကျန်တာအားလုံးနဲ့ ဝက်ဝက်ကွဲပြည့်နှက်နေတဲ့
ဟင်းလင်းပွင့် ရင်ဘတ်ကြီးကို…
(အလယ်)
သူတို့အဆိုက အသစ်တွေကိုသာ လိုချင်လှပါသတဲ့
ဒါပေမယ့် ….။
အဖန်တစ်ရာ ကြေနေတဲ့ နွမ်းဖတ်ဖတ် သီချင်းတွေလည်း
အဲဒီအထဲကပဲ
မဆန့်မပြဲနဲ့ ပေါက်ကွဲ ယိုစီးကျ။
မှိုနံ့တသင်းသင်း အမှိုက်ခြင်းထဲက ဝေါဟာရတွေ
အဲဒီ အထဲမှာ စည်ကားနေလိုက်ကြတာလေ၊ အံ့ပွဲ တစ်ခုလို။
“ တရား ” တဲ့ ၊ “ မျှခြေ ” အားလုံးတော့ ပါပါရဲ့
မှားနေတာ တစ်ဝက် အံဝှက် တစ်ဝက်၊ ဖြစ်နေတာကလွဲလို့
ငွေစက္ကူတွေကို ရေတွက်ရင်း အိတ်ကပ် ဖောင်းဖောင်းထဲမှာ
သိုဝှက်ရခြင်း မှာသာ
ကျေနပ်နေတတ်တဲ့ စိတ်က အပေးအကမ်း ဂုဏ်သတင်းတွေနဲ့
ကျော်ကြားချင်ပြန်သေး
ခွေးအ တစ်ကောင်ရဲ့ ကောက်ကျစ်ခြင်းနဲ့ သူရဲဘောကြောင်မှုမျိုးကို
ဖုံးဝှက်ဖို့
လူရမ်းကားယောင်၊ ဆောင်ထားတဲ့ စကားလုံး ပလုပ်ပလောင်းနဲ့
ပါးစပ်က
အော်ဂလီ ဆန်စရာ အပုပ်နံ့ တထောင်းထောင်းထ
တကယ်ပါပဲ … ဟောဒီ ရင်ဘတ်ကြီးထဲမှာ ပြည့်နှက်နေတဲ့အရာ
ဘာတန်ကြေးမှ မရှိပေမယ့် ရာစုတစ်ခုစာမက၊ လေးလံ။
(အဆုံး)
သားရေ …
မင်းငယ်ငယ်က အဖေ့ကို ပြုံးပြတဲ့ ပီဘိ ကလေးတစ်ယောက်
အပြုံးမျိုးနဲ့
အဖေ လူတွေ အားလုံးကို ပြုံးပြချင်လိုက်တာလေ ။ ။
ငြိမ်းအေးအိမ်
(သရဖူ အမှတ်စဉ် ၂၈ )
ဒုက္ခလူသားရဲ့ ဖက်ရှင်
ကျွန်တော့်ရဲ့ လက်ပတ်နာရီက
ကက်စီယို အမျိုးအစား
ခုခံနိုင်စွမ်းက
ရေပြင်အောက် မီတာတစ်ရာ
ကျွန်တော်က ရေမကူးတတ်ဘူး
လောကရဲ့ ပင်လယ်ပြင်မှာ
ကျွန်တော့်ရဲ့ ဂျင်းဘောင်းဘီက
ဖိုက် အို ဝမ်း အမှတ်တံဆိပ်နဲ့လီဗိုင်း(စ်)
ခံနိုင်ရည်အားက
မြင်းကောင်ရေ
တူးဟော့(စ်) ပါဝါ
ကျွန်တော်က ခြေမခိုင်ဘူး
လောကရဲ့ ကြိုးဝိုင်းထဲမှာ
အချိန်တွေ တိုက်စားလာတာနဲ့အမျှ
လက်ပတ်နာရီလေးလည်း
ဓာတ်ခဲကုန်ခါနီးပြီ
ဘောင်းဘီလည်း ဒူးပြဲတော့မယ်
ကျွန်တော်က သွေးမတိတ်သေးဘူး
ဖြေဆေးမရှိတဲ့ ကမ္ဘာကြီးထဲမှာ ။
မင်းနိုင်သား
( ဟန်သစ် အမှတ်စဉ် ၁၁၃၊ ဇွန် ၊ ၂၀၀၄)
ဆင်ခြေဖုံး
ငါရဲ့လမ်းသွယ်လေးပါပဲ
မညီညာမှုတွေပါမယ်
နေမင်းထက်စောတဲ့ ခြေသံရယ်
အချိန်မမှန်တဲ့ မီးခိုးတွေရယ်
တချို့တိတ်လို့၊
ပေတံနဲ့တူတဲ့လူတွေ ထွက်လာမယ်
လူသစ်တွေရယ်
အရိပ်အကဲကြည့်နေတဲ့ ဗွီဒီယိုရုံရယ်
တိုးလာတဲ့ ရုပ်သံထောင်ချောက်တွေရယ်
ခြေထောက်နဲ့ ဘဏ်လေးရယ်
ကျွဲရိုင်းသံဗူးရောင်းတဲ့ သရေစာဆိုင်ရယ်၊
အိမ်ထောင်ကျသွားတဲ့ မိန်းကလေးတွေရှိမယ်
အိမ်ပြန်နောက်ကျတဲ့ ယောက်ျားပြန်လာမယ်
ဓာတ်တိုင်တွေ တချို့ လင်းလို့
နိုင်ငံတကာသတင်းလာချိန် ဆန်ဝယ်ထွက်တဲ့ကောင်လေး
အိမ်တွေကွက်လို့ မီးလင်းနေတုန်း
ငါပြန်ရောက်ခဲ့၊
မိုးလင်းတော့
လူဟောင်းတွေ လမ်းလေးပေါ် ခြေချော်နေဆဲ
လူသစ်တွေ ခြေကုပ်ကောင်းကောင်းနဲ့
မြို့ထဲကို ထွက်သွားကြရဲ့၊
ငါ့မှာတော့
စိတ်ကူးနဲ့လမ်းခင်းနေတုန်းပဲ။ ။
ရိုးမြေ
[စာပေစိစစ်ရေးရဲ့ ဆုတ်ဖြဲခြင်းခံရတဲ့ ကဗျာ ၁၉၉၇၊ ဇူလိုင်လ ထုတ်၊ စတိုင်သစ်မဂ္ဂဇင်းမှ ]
ဘောလုံးသမား သူငယ်ချင်းများ
ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့အတူ
အပြေးပဲ ကျင့်ခဲ့ကြပေါ့။
လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ လျှက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့
လောင်းကြေးတွေပါ။
"တစ်သက် ထာဝရ သတိရနေမယ်"
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်က
ို"ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။
မင်းကိုနိုင်
မြစ်ကျဉ်း
မြစ်ကျဉ်း
စားပွဲခုံတွေက …
သီချင်းမဆိုတတ်ကြဘူး
တိတ်ဆိတ်စွာ တောင့်တင်းနေကြ။
နံရံထက်ကပန်းချီကားများ
ဆွံ့အသွားခဲ့ကြပေါ့
ပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်များ
အိပ်မောကျနေ…
ကျေးငှက်တွေ
နယ်နှင်ဒဏ်ခံရတဲ့တစ်နေ့ … ။
အဲဒီတစ်နေ့
ခြောက်သွေ့လိုက်ပုံများပြောပါတယ် …
ငါ့မျက်ဝန်းညိုမှာ
မြူတွေတောင်ဝန်းခိုလို့ … ။
မနော်ဟရီ
၁၆.၀၅.၁၉၉၆
လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း (၂)
ညနေစောင်းထိုင်ခုံပေါ်မှာ
သရုပ်ဆောင်ကောင်းတဲ့နားရွက်တစ်စုံနဲ့
ဝါရှင်တန်ကိုနားထောင်တယ်
လန်ဒန်ကိုနားထောင်တယ်
ရန်ကုန်ကိုနားထောင်တယ်
ခုံမင်စရာကောင်းတဲ့ကမ္ဘာကြီးပေါ်မှာ
ပြင်းထန်တဲ့ယုံကြည်ချက်တွေရှိနေရဲ့
ရေစီးကြောင်းတွေကို
ပြောင်းပြန်လှန်ကြည့်ရတာ
အရသာမတွေ့ဘူးလား
နှလုံးသားထဲက ပထ၀ီဝင်အတွက်
ဦးနှောက်ထဲကသမိုင်းအတွက်
လှိုင်းလုံးကြီးတွေတည်ဆောက်ကြည့်တယ်
မဟာတံတိုင်းကြီးးကိုလည်းခေါင်းနဲ့ပြေးဆောင့်မိတယ်
တစ်ခါကအဆောက်အဦသုတေသနဌာနမှာ
ငါဟာအလုပ်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်
အဆောက်အဦတွေရဲ့အတွင်းရေးကို
သိသင့်သလောက်တော့သိခဲ့ပါရဲ့
ခုတော့ငါဟာ လက်မရွံ့ကဗျာဆရာ
လူနာတွေမရှိပဲဆရာဝန်တွေရှိပါ့မလား
ဘဏ်တိုက်တွေမရှိပဲဘဏ်ဓါးပြတွေရှိပါ့မလား
ဟောဒီကျောက်နံရံထက်မှာ
ငါတို့မျိုးဆက်ရဲ့အသံကိုထွင်းထုလိုက်မယ်
တစ်ချိန်ချိန်မှာမတန်တဆအနစ်နာခံမှုတွေ
ကြီးမြတ်လှပစွာရှင်ပြန်ထမြောက်လာမယ်
ငါ့ကိုယ်ငါသရဏဂုံတင်ပြီးပြီ
ကိုဖော်ဝေးကိုသစ္စာခံဖို့
ခေတ်ပေါ်ကဗျာစေတီမှာထီးတော်သစ်တင်လှူပူစော်ဖို့
မြန်မာကဗျာတွေကိုပထမဆုံး သင်္ဂါယနာတင်ဖို့
ငါရောက်လာခဲ့တယ်။ ။
လှသန်း
ဥယျာဉ်
နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။
ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။
သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။
ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။
တာရာမင်းဝေ
အကြောင်းကြောင်းကြောင့်
အကြောင်းကြောင်းကြောင့်
ရွဲ့စောင်းနေတဲ့ကမ္ဘာကြီးမှာလူဖြစ်ခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ဆံပင်အရောင်တွေပြောင်းလဲသွားရပြီ
အကြောင်းကြောင်းကြောင့်
အရောင်းအ၀ယ်မကောင်းတဲ့နေ့တွေမှာနေခဲ့တယ်
အကြောင်းကြောင်းကြောင့်
ခေတ်ကာလကိုလက်ဝါးစောင်းနဲ့ခုတ်ချင်တယ်
အကြောင်းကြောင်းကြောင့်
မြောင်းထဲကဘ၀တွေကို လိုက်ဆယ်နေမိတယ်
အကြောင်းကြောင်းကြောင့်
စာအုပ်အဟောင်းတွေပြန်ဖတ်နေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်ဘ၀ကိုယ်ပြန်ချောင်းကြည့်မိတယ်
အကြောင်းကြောင်းကြောင့်
အ၀တ်အဟောင်းတွေ ၀ယ်ဝတ်နေရတယ်
အကြောင်းကြောင်းကြောင့်
တစ်နေရာကနေ တစ်နေရာကိုပြောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ငယ်ငယ်တုန်းကအကြောင်းတွေ မတွေးတော့ပါဘူး
အကြောင်းကြောင်းကြောင့်
သူရဲကောင်းတွေနဲ့ပေါင်းသင်းနေထိုင်မိတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းမီးတောက်တဲ့ညတွေကြုံခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
နောက်ဘ၀အကြောင်းကိုမေ့နေတယ်
အကြောင်းကြောင်းကြောင့်
ရှိစုမဲ့စုလေးတွေထုတ်ရောင်းခဲ့ရတယ်
အကြောင်းကြောင်းကြောင့်
ခေါင်းလောင်းသံတွေနဲ့ဝေးခဲ့ပါပြီ
အကြောင်းကြောင်းကြောင့်
ဘောလုံးပွဲအကြောင်းပြောနေရတယ်
အကြောင်းကြောင်းကြောင့်
အကောင်းမြင်စိတ်တွေမွေးနေရတယ်
အကြောင်းကြောင်းကြောင့်
အမျိုးသမီးတစ်ယောက်အကြောင်း တွေးနေမိတယ်
အကြောင်းကြောင်းကြောင့်
သင်္ချိုင်းကုန်းကို မျက်စောင်းထိုးနေရတယ်
အကြောင်းကြောင်းကြောင့်
ကိုယ့်အလောင်းကိုယ် ပြန်ထမ်းရမလိုဖြစ်နေပြီ
အကြောင်းကြောင်းကြောင့်
ဇာတ်ပေါင်းခန်းကို ရင်ခုန်နေမိတယ်
အကြောင်းကြောင်းကြောင့်
ဘ၀နဲ့ရင်းရတဲ့လောင်းကစားဝိုင်းထဲကို ၀င်မိတယ်
အကြောင်းကြောင်းကြောင့်
လက်ခမောင်းခတ်ရမယ့်နေ့ကိုမျှော်နေမိတယ်
ကြည်မောင်သန်း(၂၀၀၈ ဇုလိုင်လ သရဖူ)
ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး
ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . .
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။
ကိုဇော် - ( 3-Apr-2012 )
" ကျွန်တော်တို့ အိမ် "
တကယ်တော့ . . .
ကျွန်တော်တို့ဟာ ရိုးသားကြပါတယ်။
ဒါကြောင့် . . .
ကျွန်တော်တို့ အိမ်လေးကလည်း ရိုးသားပါတယ်။
ဟိုးငယ်ငယ်တုန်းက
ကျောင်းမှာ စာအုပ်ပဲ အပ်အပ် ၊ စာအုပ်ပဲ ယူယူ
ညီညီညာညာ တန်းစီခဲ့ကြဖူးတယ်။
စောင့်ဆိုင်းမှုကို အခြေပြုပြီး
ကျွန်တော်တို့စိတ်တွေ ရိုးသားခဲ့ကြပါတယ်။
အသက်တွေကြီးတော့ . . .
အရှေ့က လူတန်းကို ဖြတ်ကျော်ဖို့
စောင့်ဆိုင်းမှုတွေကို ဆွဲချုံ့ဖို့
ခုန်ပျံကျော်လွှားသော နည်းမျိုးစုံတွေကို သုံးတတ်လာခဲ့ကြတယ်။
တန်းစီခြင်း အနုပညာတွေကို
မုန့်ပုံးတွေ ၊ ပါတိတ်တွေ ၊ ခြင်္သေ့တွေနဲ့
ရိုးသားမှုကို ပါးလျအောင် ပွန်းတိုက်ခဲ့ကြတယ်။
ဘယ်လိုပဲ ဖြစ်နေပါစေ . .
လူတွေမှာ ရိုးသားမှု နည်းလာပေမဲ့ . . .
ကျွန်တော်တို့ အိမ်ကတော့ ရိုးသားနေဆဲပါ။
တချို့သော ပညာရှင်တွေက သုံးသပ်ကြတယ်။
နောက်ထပ် အနှစ်နှစ်ဆယ် ဆိုရင်
မြန်မာနိုင်ငံဟာ အာဖရိက လိုမျိုး ဖြစ်လာနိုင်သတဲ့။
ဒါပေမဲ့. . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။
ကျွန်တော်တို့ အိမ်လေးဆီကို
ကျွန်တော် . . . အလည်ပြန်ခါနီး နှမလုပ်သူက ပြောတယ်။
လူတွေ . . .
လူတွေရဲ့ . . . မျက်လုံးကို သေချာ ကြည့်ခဲ့ပါ တဲ့။
ဗင်းဆင့်ဗန်းဂိုးရဲ့ အာလူးစားသူများ ပန်းချီထဲက
လူတွေရဲ့ မျက်ဝန်းတွေကတော့ တပ်မက်မှုတွေ ပြည့်နေခဲ့တယ်။
ကျွန်တော်တို့ အိမ်သားတွေရဲ့ မျက်ဝန်းတွေထဲမှာတော့ . .
စိုးရိမ်မှုတွေ နဲ့ စိုးထိတ်စွာ ပြည့်နေခဲ့တယ်။
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။
လူတစ်ယောက် ရေသန့်ဘူး တစ်ဘူး ဝယ်သောက်တယ် ဆိုပါစို့။
တချို့က ဘူးရောင်းစားဖို့ ရေသန့်ဘူးကို အိမ်ကို ပြန်သယ်တယ်။
တချို့က ရေပြန်ထည့်ဖို့ ရေသန့်ဘူးကို အိမ်ကို ပြန်သယ်တယ်။
တချို့က စနစ်တကျ လွှင့်ပစ်ဖို့ အမှိုက်ပုံးကို ရှာရင်း အိမ်ပြန် သယ်မိသလို ဖြစ်တယ်။
တချို့က စနစ်တကျ လွှင့်ပစ်ထားတဲ့ အမှိုက်ပုံးထဲက ရေသန့်ဘူးကို
ပြန်နှိုက်ယူရင်း တခြား အမှိုက်ကိုပါ ဖွတယ်။
တချို့က အမှိုက်ဆိုတာ အမှိုက်ပဲ ဆိုပြီး ဂလုံ ဆိုပြီး လမ်းဘေးမှာပဲ ပစ်ချတယ်။
အမှိုက်ပုံးမှာ အမှိုက် မရှိဘူး။
အမှိုက်ပုံးဘေးမှာ အမှိုက်တွေ ပွနေတယ်။
အမှိုက်ပစ်ရန် နေရာမှာ အမှိုက်တွေ မသိမ်းဘူး။
အမှိုက်မပစ်ရ နေရာမှာ အမှိုက်တွေနဲ့ ပြည့်နေတယ်။
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။
လူတစ်ယောက်က မနိုင်မနင်း ဖြစ်နေလို့
လူတစ်ယောက်က ကူညီတယ် ဆိုတဲ့ ဖြစ်စဉ်တွေ
ရာဇဝင်ထဲက သမိုင်းထဲမှာ ကျန်နေခဲ့ရပြီ။
အခုတော့ . . .
အကူအညီ လိုသလား ၊ ရေလောင်း ၊
အကူအညီ ခံချင်သလား ၊ ရေဖြန်း ၊
အကူအညီကို မေတ္တာနဲ့ မဆုံးဖြတ်ကြတော့ဘူး ၊
အကူအညီကို ရေနဲ့ပဲ ဖြတ်ဆုံးတဲ့ ခေတ်ကို ရောက်လာခဲ့ကြပြီ။
ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊
ပလတ်စတစ်ခေတ် ၊ နြူကလိယခေတ် ၊ အင်တာနက်ခေတ် . .
ပြီးတော့ . . . အခု . . ရေလောင်းရတဲ့ " ရေခေတ် "။
ဒါပေမဲ့ . . .
ဘယ်လိုပဲ ခေတ်တွေ ပြောင်းလဲသွားပါစေ။
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။
ဟိုက်ဒရိုဂျင် နှစ်ဆ နဲ့ အောက်စီဂျင် တစ်စကို ရောရင် ရေဖြစ်. . .
နိုက်ထရိုဂျင်နဲ့ အလှဆီ ( ဂရစ်စလင်း ) ကို ပေါင်းစပ်ရင် ဗုံးဖြစ် . . .
ဟိုဟာနဲ့ ဒီဟာကို ရောရင် ပေါက်ကွဲစေတဲ့ အရာဖြစ် . . .
ဒီဖော်မြူလာတွေ ကြားထဲမှာ လူတွေက ပိတ်လှောင်မွန်းကြပ်လှစွာ။
ရေ လောင်းရင်း . . . .
ဗုံးလန့်ရင်း . . . . နေ့ရက်တွေ ကုန်ဆုံး။
ရေကစားရင်းနဲ့လည်း လန့် . . .
ရထားစီးရင်းနဲ့လည်း လန့် . . .
ကားစီးရင်းနဲ့လည်း လန့် . . .
လမ်းသွားရင်းနဲ့လည်း လန့် . . .
ဈေးဝယ်ရင်းနဲ့လည်း လန့် . . .
အိမ်သာတက်ရင်းနဲ့လည်း လန့် . . .
ကိုယ့်အိမ်မှာ နေရင်းနဲ့လည်း လန့် . . .
ဒီလိုနဲ့ အသက်တွေ မဝတဝ ၊ လေငတ်နေတဲ့ ငါးတွေလို ဟစိဟစိ နဲ့
ဒါပေမဲ့ . . .
ကျွန်တော်တို့ အိမ်လေးကတော့ ရိုးသားနေဆဲပါ။
တကယ်လို့ နေ့သစ်တွေ ပွင့်လန်းလာမဲ့နေ့ . . .
ရောင်ခြည်နွေးနွေးတွေ ဖြာယှက်လာမဲ့ နေ့မှာ . . .
ရေလောင်းစရာ မလိုသော နေ့ . . .
ဘာကိုမှ လန့်စရာ မလိုသော စိတ်ရှင်းမဲ့ နေ့ . . .
တစ်ယောက်ကို တစ်ယောက် ကြည်ကြည်နူးနူး ကူညီတတ်ကြမဲ့ နေ့ . . .
ဒီလိုနေ့ရက်မျိုးမှာ . . .
ပြာလဲ့လဲ့ ကောင်းကင်ကြီး အောက် . .
လွင့်ပျံနေတဲ့ နိုင်ငံတော် အလံအောက် . .
ကျွန်တော်တို့ အားလုံး ညီညီညာညာ နိုင်ငံတော် သီချင်း ဆိုချင်မိသေးတယ်။
တကယ်တော့ဗျာ . . .
ကျွန်တော်တို့ဟာ ရိုးသားကြပါတယ်။
ဒါကြောင့် . . .
ကျွန်တော်တို့ အိမ်လေးကလည်း ရိုးသားပါတယ်။
ကျွန်တော်တို့ နေထိုင်ရာ အိမ်လေးဟာ ရိုးသားနေဆဲပါ။
ကိုဇော်
22-Dec-2011
တစ်ခွန်းစကား
ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။
တာရာမင်းဝေ
နေညိုလု
ပြန်တော့မယ်တဲ့
ဧည့်သည်ကြီး
ဖန်မီးအိမ်ကို ထားခဲ့ပြီ၊ ၊
(ဆရာကြီးဦးတင်မိုး (ကွယ်လွန်) သို့ 
၂၉ - ၁ - ၂၀၀၇
ငှက်ဆိတ်တဲ့ သစ်စည်း
မပျော်ရှာသူ တစ်ခုလပ်မလေး
လင်မျှော်တေးနဲ့ ပူဆွေးသောကရောက်ရာရှာ
တစ်ခုလပ်မလေး ကြင်ကြင်ရဲ့ အိမ်နဘေးမှာ
ပန်းတွေ အရမ်းကြွေတာပဲလေ
နှုတ်ကြမ်း စိတ်ကြမ်းနဲ့ လမ်းဖြစ်နေသူလည်း ရှိခဲ့ရှာ
အမှားမကျူးဘဲ ရှုံးနိမ့်ရသူ ငါ့မှာ
ငှက်ဆိတ်တဲ့ သစ်စည်းလေးဖြစ်လို့
မွမွကိုကျေလို့ ငါဟာ ငှက်ဆိတ်ခံရရှာသူ သစ်စည်းကလေးပါ
ငါဟာ မက်ဒက်ဘုရင်မဟုတ်သလို ရိုဘော့လဲ မဟုတ်ခဲ့ဘူး .....
အခုတော့ အလိုလိုနေရင်းထိုင်ရင်း အောက်မေးပြုတ်ပြုတ်ထွက်နေရ
အတားအဆီးအပိတ်အဆို့ အကြပ်အညှပ်တွေများလှချည့်
ကိုကာကိုလာရေလေး တစ်ဘူးလောက်သောက်ရရင်
အဆင်ပြေမယ်ထင်တယ်
ပွဲတော်ကြီးထဲ မီးပုံပျံလို ပျံတက်ချင်လှတယ်
ကြယ်ပြာလေးများနဲ့ စကားပြောရင်း
နေစားတဲ့ ပုဆိုးလေးသာဝတ်ရင်းပေါ့
မာကြူရီရယ် မင်း ထွန်းလင်းပုံက ရက်စက်လိုက်တာ
သူငယ်ချင်းတို့ရေ တကယ်တော့လဲ
ပွင့်တစ်ချို့ ကြွေအများပါလားကွယ်
အမေရယ်...
အလုပ်ဂုဏ်ကို မြတ်နိုးချစ်တဲ့ မြို့သူမြိုကသား နိုင်ငံသားတွေ
အထူးလိုအပ်လှပါတယ်
လ၀န်းပြာပြာ နှင်းဆွတ်ဆောင်းရာသီ
ပင်လယ်ပြာပြာအေး မင်းကြီးတောင်ပေါ်က
အိမ်အအိုအမင်းကြီးရယ်
မေမေရယ်၊ ဖေဖေရယ်၊ “ညီမလေးမမမြင့်”ရယ်
သမီးလေးများနဲ့ နွေကို ကိုက်ချီလာသူ ငှက်ဥသြရယ်
တေးသစ်သံတွေရယ်
ကျွန်တော်ရဲ့ မြင်ကွင်းကျယ်စီနီမာစကုပ်ထဲမှာပေါ့
အမေရယ်...
မြို့ပြန်ရွာပြန် ဒဏ်ရာတွေနဲ့ ကိုယ့်အသက်ကိုလက်ပူတိုက်ပြီး
၅၂ နှစ်သား လူမိုက်ကြီးလေ အမေရဲ့
အမေ့ရင်ခွင် နွေးမြ နွေးထွေးဆီ ပျံသန်းခဲ့ပါပြီ
အမေရယ်...
အမေ့သားမှာလေ နာရီ နှစ်သိန်းလေးသောင်း
တေတာင်းခံရန်လဲ သိခဲ့ပြီ
ရောင်းရန်လဲ ရှိခဲ့ပြီ ။ ။
ကဗျာ ။ ။ မောင်ချောနွယ်
မိုးခါးရေ
ဓားတောင်တန်း
ပန်းတခြင်းနဲ့ 
လမ်းထွင်းသွားကြမတဲ့
တချို့ ။
မီးပင်လယ်
ဖြတ်မယ်
အလွယ်ကလေး
ရွက်မရွေးနဲ့ 
တက်မရွေးနဲ့ 
လက်သွေးထားကြတဲ့
တချို့ ။
ပန်းသီမယ်လေ
နေလုံး မပျောက်သေး
အကြွေပန်း ကောက်သူကောက်
နောက်ကြောင်းပြန်သူပြန်
ကံကို ယိုးမယ် ဖွဲ့ သူဖွဲ့ 
ကျမ်းကို ဋီကာ ချဲ့ သူ ချဲ့ 
ဒါပေမဲ့ ဆိုတဲ့
မစို့ မပို့ စကားနဲ့ 
တချို့ ။
သင်ဓုန်းဒါးထက်က
ပျာရည်တစက်
နေ့ သစ်ရဲ့ နံနက်ခင်း
ရက်ရက်စက်စက် ငြင်းပယ်လိုက်တယ်။
သစ္စာတရား
မိုးခါးရေမှ မဟုတ်တာပဲ။ ။
၁ - ၅ - ၁၉၉၂
လက်တမ်းပုံပြင်
ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ…
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြဿနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ထ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။
၂၀၀၃၊ ရွှေဖူးစာ မဂ္ဂဇင်း၊ အချစ်ဂျာနယ်
ကြေကွဲမှုအရောင်
ခန္ဓာကိုယ်များ ပေါ့ပါးရေးကစတင်
" မိုးဝေးရေ ... "
ပြီးမှပဲ ကမ္ဘာကြီးကိုချစ်ခင်ကြောင်း ပြောကြတာပေါ့
ငါတို့တွေ စောခဲ့ကြတယ်
ငါတို့တွေ စောပြီး နောက်ကျခဲ့ရတယ်
ဒါကြောင့်ပဲ
ဒီဇတ်ကို ငါတို့တွေ ကခဲ့ကြရ
ငါတို့တွေဟာ
ပြဇာတ်ထဲက ဆက်တင်လိုအိမ်တွေမှာ
နေခဲ့ကြရ
ငါတို့တွေဟာ....
ချစ်သူ့အသံတွေကို ထိန်ချန်ခဲ့တဲ့ ကံတရားလည်း
တရားစီရင်ခဲ့ရ
အရေးကြီးတယ်
တစ်ယောက် တစ်ယောက် အရသာရှိဖို့ကလည်း
အရေးကြီးပေးရဲ့
တို့တွေ တစ်ယောက်နဲ့တစ်ယောက် အရသာရှိခဲ့ကြတယ်
မဟုတ်လား
တို့တွေ
တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြတယ်ဆိုတာ
အမှန်တရားတောင်
နည်းနည်းပါးပါး ရိပ်စားမိသွားပြီလေ
တို့တွေဟာ
ရာသီဆိုးသွမ်းလမ်းမက
ပျံကျမိုးတွေပေါ့
ဒီလို မဟုတ်ဘူးလား
" မိုးဝေးရေ ....."
ငါတို့တွေ အားလုံးဟာ
တစ်ချပ်မှောက် ဖဲဝိုင်းမှာ
ငါတို့အားလုံးရဲ့ ဖဲတွေက တခြားအိမ်တွေမှာ
ထွက်ကုန်ကြပြီ
ငါတို့ဖဲတွေဟာ ဆန်းဖဲတွေ မဟုတ်ကြတော့ဘူး
တစ်ချပ်မှောက် ကစားရာမှာ
လိုက်ရဲဖို့ထက် ပြေးရဲတာ သတ္တိပါ
" မိုးဝေးရေ .... "
ငါတို့တွေ ပြေးကြစို့ရဲ့
ခုလောက်ဆို
" မောင်ပြည့်မင်း တစ်ယောက် နှင်းတွေဝေနေရောပေါ့ "
မောင်ချောနွယ်
[ မြားနတ်မောင်မဂ္ဂဇင်း ]
လူနာ
အိပ်ရာထက်မှာ သူဟာတွန့်ကြေလို့နေတယ်
သူဟာစောင်အိုလေးတစ်ထည်ပါ
ရိပြဲနေတဲ့နေရာတွေများလို့
အသားစတွေလည်းစုတ်နေခဲ့ပါပြီ
သူဘယ်လိုပဲ ကြိုးစားပေမယ့်
ဘယ်သူ့ကိုမှ အနွေးဓာတ်
လုံလုံလောက်လောက်မပေးနိုင်တော့
ဘူးလေ.................။
မကြာခင်သူဟာ
စွန့်ပစ်ခံရတော့မယ့်
စောင်အိုလေးပါ............။
ခွက်လေးတစ်ခွက်ထဲမှာ
သူ့ရပ်တည်မှု့က
ဖရိုဖရဲနိုင်လွန်းတယ်
သူဟာသွားပွတ်တံဟောင်းလေးတစ်ချောင်းပါ
အသုံးပြုခံအချိန်တွေများလို့
အတွေးစတွေလည်း
တုံးဖွာနေခဲ့ပါပြီ
သူဘယ်လိုပဲ ဆန္ဒရှိပေမယ့်
ဘယ်သူ့ကိုမှ
သန့်စင်ခြင်းကိုမပေးနိုင်တော့ဘူးလေ
မကြာခင်သူဟာ
မေ့လျော့ခံရတော့မယ့်
သွားပွတ်တံဟောင်းလေးပါ...............။
တိတ်ဆိတ်ခြင်းတေးသွားနဲ့
သူဟာစိတ်ပျောက်လို့နေတယ်
သူဟာလူနာတစ်ယောက်ပါ
လျော့တိလျော့ရဲ အပြုံးတွေများလို့
စကားစတွေလည်း ကြေမွနေခဲ့ပါပြီ
သူဘယ်လိုပဲ ပြောချင်ပေမယ့်
ဘယ်သူ့ကိုသူရှိကြောင်း
မသိစေနိုင်တော့ဘူးလေ
မကြာခင်သူဟာ
လောင်မြိုက်ခံရတော့မယ့်
လူနာပါ....။....။
မြေနံ့
၇.၁၂.၂၀၁၁
ရေစီးဆန်ပုစ္ဆာ
ချစ်သောကမ္ဘာကြီးရေ ...
အချစ်ပြီးအချစ် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ငွေပြီးငွေ ဖြစ်နေလို့ကလည်းမဖြစ်ဘူး
အရက်ပြီးအရက်ချည့် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ကိုယ့်ကိုယ်ကိုယ်ပုံချလိုက်လို့ကလည်း မဖြစ်
သံသရာကြောင်းမှာ အထုပ်အပိုးပါလို့ကလည်းမဖြစ်
ခေတ်ကို ပုံချလိုက်လို့ကလည်းမဖြစ်
မဖြစ်တာတွေချည့်ပဲ ရင်ဆိုင်နေရ
ငါ့ကို စစ်ပြုနိုင်လွန်း ...
ငါ့ဘ၀အမော အလွမ်းတွေလည်း
တာတခိုကို မစိုပြည်စေတော့ပါ။
ညဥ့်တွေ သိပ်နက်လွန်းနေတယ်
လူတွေ စီးဆင်းလွန်းနေတယ်
အရာရာဟာ စီးဆင်းလွန်းနေတယ်
ငါချစ်ခဲ့တဲ့အရာတွေအားလုံး
ဆေးရုံခုတင်ပေါ် ရောက်ကုန်ကြပြီ။
ပညာရှိသုခမိန်ရယ်
သူရူးရယ်
ကလေးရယ်
အနုပညာရှင်ရယ်
ခေါ်ပေးကြပါ။
အသက်ရှင်သရွေ့ ငါ့ကို ချစ်ကြပါ
ငါဟာ
ကွေ့ကောက်တဲ့ လမ်းများကို
ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့သူတဦးပါ။ ။
မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၀၃ ခုနှစ်)
ရွှေ
ဘာနဲ့ စမ်းမလဲ
ကဲ မှတ်ကျောက်တင်ကြည့်၊ သိလိမ့်မယ်လေ
ရွှေအစစ်
မောင့်မေတ္တာ။
လွှတ်ပစ်လိုက်ပါ
မြေမှာ
ဒါမှမဟုတ် သမုဒ္ဒရာ
ရေလွှာနက်ထဲ၊ ဘယ်ပဲရောက်ရောက်
အရောင်တောက်လျက်၊ တလက်လက်လေ
ရွှေ ရွှေ ရွှေကွယ့်
မောင့်ရဲ့ မေတ္တာ။
ကောင်းကင်မြေပြင်
လောကခွင်ထဲ၊ ထားချင်ရာနား
ပစ်ထားလိုက်လေ၊ ရွှေတန်ဖိုးကား
တစိုးတစိ၊ ဘယ်ရော့ဘိမလဲ
အမြဲရွှေပဲ၊ ပြောင်းလဲမပြောင်း
မဟောင်းမညစ်၊ ရွှေအစစ်ကွယ့်
မောင့်ရဲ့ မေတ္တာ။
ကဲ လိုရာပြောင်းပြီး
ပုံလောင်းလိုက်ကွယ်၊ ညွတ်ပြောင်းသွယ်လျ
ဖြူလွခင့်လက်၊ လက်စွပ်ပုံသွင်း
သွယ်ရှင်းဝင်းတင့်၊ ခင့်လည်တိုင်ကြော့
ဆွဲပေါ့ ဆွဲကြိုး၊ အို အမျိုးမျိုး
ဆံထိုးဖြစ်ဖြစ်၊ ရင်ထဲနှစ်ခြိုက်
ကြိုက်ရာပုံလောင်း၊ ပြောင်းချင်ပြောင်းပဲ
မဟောင်းညစ်ပေ၊ ဝင်းလက်နေသည်
ရွှေ ရွှေ ရွှေကွယ့်၊ မောင့်ရဲ့ မေတ္တာ
ထာဝရ ရွှေ။ ။
မောင်ချောနွယ်
မိုးဝေး၊ မေ၊ ၁၉၇၀
ပန်းသီး
တစ်နေ့ မှာ
ငါဟာ
ငါ့ ကို ငါ
ငါးရှဥ့် ဆူးထိုးသလို
အသေအချာ အမိအရ
ထိုးစိုက် ဖမ်းကြည့်လိုက်တော့
ငါဟာ
လူနည်းနည်းသာ တန်ဖိုးသိပြီး စားသုံးတဲ့
ပန်းသီးဖြစ်နေတယ် ။ ။
–မောင်ချောနွယ်–
သက်မဲ့သက်သေ
အသံတွေ ချေး(ဂျီး)တက်ခဲ့
တို့အသက်ရှူသံတွေ အငွေ့ပျံ
ကိုယ့်အသက်ကိုပဲ ခွက်နဲ့ ချင့်သောက်ရ
လေပျို့လေအန် လေဆန်နာနဲ့ ဆိုက်ကပ်ရ
ဆိပ်ကမ်းမရှိတဲ့ အရပ်မှာလေ
တို့ခန္ဓာကိုယ်တွေကို ကျုံ့ပြီးရင်း ကျုံ့ပေးရ
တို့ခန္ဓာကိုယ်တွေကို ကျစ်ပြီးရင်း ကျစ်ပေးရ
ဒါတွေကို မင်းမေ့ခဲ့လို့ပဲ ဂျွန်ရေ
မင်းဆီ ဒီစာသ၀ဏ် ပါးလိုက်ပါရဲ့။
သူငယ်ချင်း ဂျွန်ရေ …
သက်ငါးဆယ်လမ်းထိပ်မှာ
သိန်းငါးဆယ်ကို ခုထိုင်ပြီး
ပေါ့ပါးစွာ ငိုညည်းနိုင်သူရေ
မင်းကျန်းမာရေးကောင်းသွားအောင်ပေါ့
မာစီးဒီးကားကို စီးပါ
ဝါရှင်တန် ပန်းသီးကို စားပါ
ဘေဘာလီဟေးလ်မှာ အိမ်ဝယ်ပါ
ပြီးတော့ လမ်းကို မင်းနာမည်ပေးပါ
ဆင်သားရေနဲ့ ချုပ်ထားတဲ့ ဖိနပ်ကို စီးပါ
ဗန်ဂိုးနဲ့ ဂျွန်လင်နွန်ဆီ ဖုန်းဆက်ပါ
ဓားကို ဘေးမှာထားပြီး ဟိုးမားရဲ့ကဗျာကို ဖတ်ပါ
လတ်ဆတ်မှု အရှင်လတ်လတ်ကို ၀တ်ဆင်ပါ
ညကြီးတွေပေါ် လမ်းလျှောက်ပါ
ပြင်သစ်က ကက်ကိုဘိန်းရဲ့ ဂူမှာ
နှင်းဆီပန်းနဲ့ အရက်ပုလင်း လက်ဆောင်ပေးပါ
ဆူးတွေကို ဒဏ်ရာနဲ့ လိုက်ရှာပါ
ငါးဖမ်းလှေလေးပေါ်က တေးသံကို နားဆင်ပါ။
ဂျွန်ရေ …
ရပ်နေတဲ့ နာရီကြီးကို ကြည့်မနေပါနဲ့တော့
ဘေဘီကျူး မီးဖိုကြီးပေါ်မှာ
မင်းအသားတွေ မင်းကင်ပြီး
မြိန်ရေယှက်ရေ စားပါတော့ ။
မောင်ချောနွယ်
မြို့မေတ္တာ ခံယူမယ့်သားပေမို့
သူထ အော်ကာနီးမှာ ကိုယ် အားသွင်းကြိုးကိုတပ်လိုက်တယ်
ဆန်အိတ်က တုံးလုံးပက်လက် အခန်းထောင့်မှာ
မျှော်လင့်ခြင်းတွေဟာ ရောင်ခြည်လိုပုံစံမျိုးမဟုတ်ပဲ ခရစ်စတယ်လ်လေးတွေလို
အားကစား သတင်းလာတာနဲ့ တီဗွီကို အော့ဖ် လုပ်လိုက်ရော
ပေါင်းရသင်းရတာ သံပုန်းတီးပြီး တောခြောက်ခံနေရတယ်
အခြောက်တိုက်မြောက်နေတဲ့ အဲဒီကျွတ်ကျွတ်အိတ် လေထဲမှာ လေထက်မှာ လေထဲမှာ လေထက်မှာ
ဝေးပြီးပျောက်သွားပြီ မျက်စေ့ နှစ်ဆုံး သုံးဆုံး တောင်မကဘူး
စင်ထွက်လာတဲ့ ကျည်ခွံတွေဟာ သာသနာပြုတွေလိုပဲ
တအိမ်အိမ်က ချဉ်ပေါင်ဟင်းနံ့
မိုင်ပေါင်း အသောင်းအသိန်း ဝေးတယ် သို့မဟုတ် နီးတယ်
အင်္ကျီဂျိတ် အနီရောင် ၂ ချောင်း၊ အပြာနုရောင် ၁ ချောင်း၊ ဖက်ဖူးရောင် ၁ ချောင်း၊
ညကကောင်းကောင်း အိပ်မအိပ် လိုက်စစ်တဲ့ အဖွဲ့လာနေပြီ
လေယာဉ်ကိုမြေပြင်သို့ဆင်းစေခြင်း၊ လှေကားထိပ်မှ ညီညာသောနေရာ
သူ့ဇာတ်ထုပ်နဲ့သူ အမြောင်းလိုက် အမြောင်းလိုက် တံဆိပ်တွေ ကပ်ထားလိုက်တယ်
စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေး အရည်အသွေးမြင့် သီးနှံများထုတ်လုပ်ရေး နှင့်ပတ်သက်၍
Screen မှာပေါ်လာသမျှတွေ အကြောင်သား ငေးစိုက်ကြည့်နေမိ
ဥပမာ ပြင်သစ်ပိုင်နက်မှာရှိတဲ့ မာကွန်ပြည်နယ်နဲ့တော့ လုံးဝမတူဘူး။ (တွန့်ဆုတ်)
ဘီးလုံးလေးဟာ သူ့ဘ၀တလျှောက်လုံး နှစ်ပေါင်း ၄၀ ကျော် အသုံးတော်ခံခဲ့တယ်
အထက်ကား အောက်ရှူး ဘယ်လိုတွေးခေါ်ပုံမျိုးလဲကွာ သတိဆွဲခိုင်းထားလိုက် အဲဒီကောင်ကို
မျောက်များသည် လူများနီးနီး လူများသည် မျောက်များနီးနီး သင်ယူတတ်မြောက်လွယ်ကူကြသည်
မျောက်လက်ချထားသည် ကျောက်ချထားသည် ဆိုက်ကပ်ထားသည် ထိုးရပ်ထားသည်
ပြောနေဆဲမှာ ညနေ ၆ နာရီတိတိ (ကိုယ့်နာရီမှာ ၁ မိနစ်လို) နိုင်ငံတော် သီချင်းစ, သီဆိုပြီ
အဲသလိုက ပိုကောင်းမယ်၊ စာအုပ်ထဲမှာ အမှတ်စဉ်ထိုး၍ညွှန်ကြားထားသည့်အတိုင်း
ဆရာဝန်မင်းများက ပလိပ်ကပ်ဖျားရောဂါ ဟုပညတ်၍ ထိုအနာကိုလည်း(၁၉၀၅-၁၉၀၇)
အူး….လွမ်းကြမယ် အချစ်ကလေးရယ်x x ဒါပေမယ့်လဲ…နှစ်သိမ့်စရာ ရှိသေးတယ်…x x
ကဗျာဆက်မရေးတတ်လျှင် ထည့်ချင်ရာထည့်သည့်အကျင့်ကို ဖျောက်လို့မရ
“……ဘာရေးရင်” “ ……ဘာရေးရင်” ကဗျာ… ဟုတ်လား? က, ဗျာ ဟုတ်လား? က, ပြီဗျာ ဟောဒီမှာ..
ပလို့ ဂျိ..။ ။
ခင်အောင်အေး
နေ့ဟောင်းများ . . .
လွမ်းစရာ နေ့ရက်တွေချည်းပါလား
ထုထည်နဲ့ အတုံးအခဲတွေ
ပစ်ထည့်ခံရ။
ကိုယ့်ကိုဆယ်ခဲ့ရတာ နှစ်ပေါင်းသုံးဆယ်
တခက်တခဲကြီးပါ
ရာသီဆိုးသွမ်း လမ်းမကြီးပါလား
ရာသီသစ် ပန်းသစ်တဝေေ၀
ငါတို့တစ်တွေလမ်းမှာ
ဇလပ် ခတ္တာ
အင်ကြင်းဝါနီ
တော်ဝင်ပိတောက်
ပေါက်ပွင့်နီနီရဲရဲ
နွေကိုသောက်ကြပြီး
အသည်းအေးမြကြ
သူငယ်ချင်း ‘ဖော်ဝေး’ရေ
အိုခဲလှ နာခဲ့ကြ ဘုရားတိုင်အလွမ်းတွေနဲ့
ဘ၀ဟာ ပြေးလမ်းဖြစ်ပြီး
လောကကြီးဟာ
အမောပြေသောက်ဖို့ ရေတစ်ပေါက်လောက်ပါ
သန္တိသုခလေပြည်
နေမ၀င်ခဲ့ပါဘူး အမေ။
အမေရယ်
လောကကြီးက သားရဲ့တံခါးကို ဖွင့်မပေးခဲ့ဘူး
ရနံ့မွှေးပြီး
အပွင့်ဝေကြွေတဲ့ ခရေပင်မြစ်ကမ်းပါးလေးမှာ
ထိုင်ခဲ့ရတာလည်း နှစ်သုံးဆယ်ပါ
အမေရယ်
ကျနော့်ရဲ့ နှစ်သုံးဆယ်ဟာလည်း
အရှူံးတွေချည်းပါပဲ
ကျနော်ရောက်အောင် သွားခဲ့ပါတယ်အမေ
ဖြစ်ပြီးသား အပြစ်တွေ
ပျောက်ပျက်လွန်းခဲ့
အမှန်ကို ဖန်တီးခဲ့ပေမယ့်လည်း
ကမ္ဘာကြီးမှာ ဘာမှလည်း လွမ်းစရာမရှိတော့ပါဘူး
တကယ်တော့လည်း ဟုတ်ပါတယ်
ဘ၀ဆိုတာ လေထဲက ဖုန်မှုန့်လေးပါပဲ
အခုတော့ …
အခွံကဖီးမှာ
အမေ့သားဟာ
မိုက်လုံးကြီးကြီး သစ်သီးတွေ ဝေေ၀ဆာဆာ သီးလို့။
မောင်ချောနွယ်
Wednesday, November 14, 2012
အရိပ်ခြွေသစ်ပင်
အရိပ်ခြွေသစ်ပင်ဟာ
ကမ္ဘာပေါ်မှာ တစ်ပင်တည်းရှိတယ်
အရိပ်ခြွေသစ်ပင်ဟာ
သစ်ရိပ်တွေ မခြွေဘူး
အရိပ်တွေသာ ခြွေခြွေပေးနေတယ်
သူခြွေတဲ့ အရိပ်ထဲမှာ
ဆန်းသစ်တဲ့ နေ့ ရက်တွေပါတယ်
ပန်းသစ်ဝေဝေ မနက်ခင်းတွေပါတယ်
ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ်
ပြန်ကျမိုးစက်တွေ ပါတယ်
ဘာဖြစ်လို့ များ
သူက အရိပ်တွေ ခြွေလိုက်တိုင်း
အဲဒါတွေက ပါဝင်နေရတာလဲ
ငါစဉ်းစား
ငါ့မှာ စဉ်းစားခြင်းဘူတာ
ဆိုက်ကပ်ကပ်နေမိ
ငါ့မှာ
ထထ ပျံဝဲနေမိ
ငါ့မှာ
သီချင်းထထ အော်ဟစ်ဆိုမိ၊
ဘာဖြစ်လို့ ပါလိမ့်
ငါစဉ်းစား
ငါတွေးကြည့်
ငါသိချင်မိ
ထူးဆန်းလှရဲ့ 
ဒီအရိပ်ခြွေသစ်ပင်အကြောင်း
သူကတော့ ဘာသိဘာသာပဲ
အရိပ်တွေပဲ ခြွေခြွေချပေးနေ
ငါစူးစမ်း
ငါမနေနိုင်တော့ဘူး
ဒါနဲ့ ငါဟာ အရိပ်ခြွေသစ်ပင်ဆီ သွားကာ
သွားကိုင်တွယ်ကြည့်မိ
ငါသိလိုက်ရပြီ
သူ့ တစ်ကိုယ်လုံးမှာ ကြီးပေါင်းတက်ဒဏ်ရာတွေ
နိုင်းချင်း၊
ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်တွေလောက်လှတာ
ဒဏ်ရာရ သစ်ပင်ပဲရှိ၊
ဩော် -
ဒါကြောင့်သူက အရိပ်တွေခြွေပေးနိုင်တာကိုး။
မောင်ချောနွယ်
မြေကြီးပေါ်မှာ
အာရုံအလျင်ထဲ
စွဲလန်းမှုသီအိုရီတွေရောက်ရောက်လာ
သစ်သစ်သွားကြ၊
တစ်ယောက်တစ်မျိုးစီ မှားခဲ့ကြတယ်တဲ့
သံသရာကို ချစ်တယ်တဲ့
ရွှေသားသံယောဇဉ်လေးကို မြတ်နိုးတယ်တဲ့
အချိန်တန်ရင်တော့
ကိုယ့်ဇာတိဆီပြန်ကြရတာပဲတဲ့...
အေး-
ငါ့ဇာတိဟာ အလွမ်းဖြစ်တယ်။
ပြဇာတ်ဆန်ဆန် အရောင်အရိပ်တွေ
ငါအလွန်မုန်း
မြှုံးမိတဲ့ငါး အသက်ရှင်စဉ်မှာ
ဘာတွေတွေးခေါ်နေမိမလဲ
ငါသိချင်မိ
ငါကိုယ်တိုင် မြှုံးမှာ မိမှပဲ၊
လွတ်လမ်းကိုသာ လိုချင်ခဲ့မိ၊
အရင်လိုဘဝဆိုးထဲကိုပဲ
လွတ်ချင်ရဲ့၊
ဒါ ဘဝရဲ့ အဘိဓမ္မာပဲ
သေချာရဲ့၊
အိပ်မက်ဆန်ဆန်တွေ လာရောင်းဝယ်မနေနဲ့
စက္ကူလေယာဉ်ပျံလေးကို လက်ထဲကလွှတ်ချလိုက်ပြီ။ ။
မောင်ချောနွယ်
နွေဦးသစ်သီးများ
ငါ့သီချင်းလေးနဲ့သာ
ငါ့လှေကလေး ငါလှော်ခဲ့
ငါ့အသက်လေး
ငါထွန်ယက်ခဲ့
ငါ့ဥစ္စာထုပ်ကလေး ဘယ်မလဲ
ငါရောက်ခဲ့
ရမှရောက်တယ် ငါသိခဲ့
ငါ့ဥစ္စာထုပ်ကလေးရှိပါရဲ့
ဘယ်မလဲ
ငါရခဲ့
ရောက်မှရတယ်ငါသိခဲ့
ငါရခဲ့
အဲဒါအရှုံးလား
အရှုံကို ခံယူတယ်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
ငါ့ယာခင်းတွေပူလှသည်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
အဆုံးတွေ ဆင့်ဆင့်ရလွန်းခဲ့
ငါ့ယာခင်းတွေ ပူလှချည့်
ငါထွန်ယက်ခဲ့
ရလဲရတယ်
ရောက်လဲရောက်တယ်
ပေါက်ပွင့်နီရဲ
ဒိုင်းကနဲပေါ့
နွေကို ရဲရဲဖွင့်လိုက်ပြီ
ဒါဟာ ငါ့မီးလျှံ
ဒါဟာ ငါ့ဥစ္စာထုပ်
ဒါဟာ ငါ့ယာခင်း
ငါ့နွေပြတင်းမှာ ရွှေရည်ရွှေအဆင်းတွေ
လင်းတော့မယ်။ ။
မောင်ချောနွယ်
စစ်ပွဲများ(၅)
တစ်ယောက်နဲ့တစ်ယောက်မသိကြပဲ လှံစွပ်နဲ့ပြေးထိုး
ပြီးမှတစ်ယောက်အိပ်ကပ်ထဲက မိသားစုဓါတ်ပုံ တစ်ယောက်
ထုတ်ကြည့်ပြီးဝမ်းနည်းကြရတယ်။
ပစ်ကွင်းထဲမှာ
ဒါ သူ့သားလေးနမ်းနေကြ နဖူးလေးများလား။
ပစ်ကွင်းထဲမှာ
ဒါ သူ့သမီးလေးနမ်းနေကြ နဖူးလေးများလား။
ပြီးမှတစ်ယောက်အိပ်ကပ်ထဲက မိသားစုဓါတ်ပုံ တစ်ယောက်
ထုတ်ကြည့်ပြီးဝမ်းနည်းကြရတယ်။
ပစ်ကွင်းထဲမှာ
ဒါ သူ့သားလေးနမ်းနေကြ နဖူးလေးများလား။
ပစ်ကွင်းထဲမှာ
ဒါ သူ့သမီးလေးနမ်းနေကြ နဖူးလေးများလား။
မစဉ်းစားနဲ့
ငါတို့က လက်ဖြောင့်သေနတ်သမားတွေ။
မနေ့က ပန်းအိုးကျကွဲတယ်။
ညက အိပ်မက်ဆိုးတွေမက်တယ်။
ဘုရားစင်ရှေ့အလီလီထိုင်ကာ အိမ်ရှင်မ ငါးသက်စေ့ သွားသွားလွှတ်နေခဲ့ရပေါ့။ ။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂
ငါတို့က လက်ဖြောင့်သေနတ်သမားတွေ။
မနေ့က ပန်းအိုးကျကွဲတယ်။
ညက အိပ်မက်ဆိုးတွေမက်တယ်။
ဘုရားစင်ရှေ့အလီလီထိုင်ကာ အိမ်ရှင်မ ငါးသက်စေ့ သွားသွားလွှတ်နေခဲ့ရပေါ့။ ။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂
မျက်မှန်နှစ်လက်
ကျွန်တော့်မှာ မျက်မှန်နှစ်လက်ထားတယ်
တစ်လက်က ချစ်သူကို ကြည့်ဖို့
တစ်လက်က ရန်သူကို ကြည့်ဖို့
ချစ်သူကြည့်မျက်မှန်နဲ့ ရန်သူကိုကြည့်မိတော့
ဓားကောက်ကြီးက သက်တန့်ကိုင်းဖြစ်သွား
အပြစ်ဒဏ်က ပုံတော်ဖိနပ်ကလေးဖြစ်သွား
ကျော့ကွင်းက ကျစ်ဆံမြီးလေးဖြစ်သွား….။
ရန်သူကြည့်မျက်မှန်နဲ့ ချစ်သူကိုကြည့်မိတော့
သက်တန့်ကိုင်းက ဓားကောက်ကြီးဖြစ်သွား
ပုံတော်ဖိနပ်ကလေးက အပြစ်ဒဏ်ဖြစ်သွား
ကျစ်ဆံမြီးလေးက ကျော့ကွင်းဖြစ်သွား…….။
အခုတော့
ချစ်သူကြည့်မျက်မှန်တစ်လက်ပဲထားတော့တယ်
ရန်သူတွေက ရေပိုက်ပြင်ပြီး ထွက်သွားတဲ့အခါ
ချစ်သူက…
သဲပေနေတဲ့ခြေထောက်နဲ့အိပ်ယာပေါ်တက်လာတယ်…။
သူရနီ
တစ်လက်က ချစ်သူကို ကြည့်ဖို့
တစ်လက်က ရန်သူကို ကြည့်ဖို့
ချစ်သူကြည့်မျက်မှန်နဲ့ ရန်သူကိုကြည့်မိတော့
ဓားကောက်ကြီးက သက်တန့်ကိုင်းဖြစ်သွား
အပြစ်ဒဏ်က ပုံတော်ဖိနပ်ကလေးဖြစ်သွား
ကျော့ကွင်းက ကျစ်ဆံမြီးလေးဖြစ်သွား….။
ရန်သူကြည့်မျက်မှန်နဲ့ ချစ်သူကိုကြည့်မိတော့
သက်တန့်ကိုင်းက ဓားကောက်ကြီးဖြစ်သွား
ပုံတော်ဖိနပ်ကလေးက အပြစ်ဒဏ်ဖြစ်သွား
ကျစ်ဆံမြီးလေးက ကျော့ကွင်းဖြစ်သွား…….။
အခုတော့
ချစ်သူကြည့်မျက်မှန်တစ်လက်ပဲထား
ရန်သူတွေက ရေပိုက်ပြင်ပြီး ထွက်သွားတဲ့အခါ
ချစ်သူက…
သဲပေနေတဲ့ခြေထောက်နဲ့အိပ်ယာပေါ်တ
သူရနီ
ကြေးစားနံပါတ် တစ်ဆယ့်သုံး
မိန်းမတွေက စစ်ကိုရှုံးစေတယ်
ငါတို့ဆွဲတဲ့ ဓားကို သူတို့မျက်ရည်နဲ့ ဖယ်ရှားရဲ့
မှောင်မည်းပြီး သဲနဲ့ရှပ်ရှပ် ဘ၀ရဲ့နံရံကို
အနမ်းတွေနဲ့ ပက်ချ
ငါ့ခေါင်းပေါ်က တိမ်တွေကို သူတို့စိမ်းစိုစေခဲ့တယ်
နှင်းမှုံလေးတစ်မှုံတောင် ကျောချခွင့်မရတဲ့
ဟော့ဒီ ကြက်မတစ်ဝပ်စာကျယ်တဲ့ ရင်ခေါင်းပေါ်
ယောကျာင်္းရင့်မာကြီး မျက်ရည်နဲ့ရက်လုပ်ထားတဲ့
အနုပညာရှိတယ်
ရေငတ်သမင်ကို သောက်နေတဲ့
စမ်းချောင်းကလေးတွေရှိတယ်
လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ်
နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ်
စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့
ပါမောက္ခတစ်ယောက်ရှိတယ်
အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို
ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ်
ချောင်းခြားချစ်သူဆီ ရောက်ဖို့
ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့
ရထားတစ်စင်းရှိတယ်
မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်
လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို
ကိုက်ဖမ်း ဆွဲဟပ်နေတဲ့
အာသာငမ်းငမ်း လခြမ်းပဲလည်းရှိတယ်
သောက်သုံးရေ အလုံအလောက်မရ
ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့
သစ်တောတွေလည်းရှိတယ်
လူတွေဟာ မျောက်ကနေဆင်းသက်လာသတဲ့
ဒါဖြင့် လက်ရှိမျောက်တွေက ဘာကြောင့် လူဆက်မဖြစ်သလဲ
အဲဒီလို ထိုးထိုးထောင်ထောင် စိတ်ကူမျိုးတွေနဲ့ပေကျံ
အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်
မိန်းမ၊ စကြ၀ဠာ၊ ငွေစက္ကူ
ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ
ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ်
နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဒဏ်ရာတွေဟာ
အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်ပြီး
လောကဓံဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်တယ်
အနှစ်သုံးဆယ်စာရာသီတွေကို စိမ်းလန်းမှုတစ်ခုပေါ်သွန်ချ
အနံ့အသက်ကလေး တချွင်ချွင်နဲ့
ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း
သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့
ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ
ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ
ဆုံးဖြတ်လို့ မပြီးခင်
သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ့
ဘုရားသခင်ဟာ ခင်ဗျားတို့ ကျွန်တော်တို့အတွက်
ကြေးစားနံပါတ် တစ်ဆယ်သုံးကို စေလွှတ်ပေးခဲ့တယ်။ ။
(ရယ်စရာ – ဇူလိုင်၊ ၂၀၀၁)
ရေငတ်သမင်ကို သောက်နေတဲ့
စမ်းချောင်းကလေးတွေရှိတယ်
လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ်
နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ်
စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့
ပါမောက္ခတစ်ယောက်ရှိတယ်
အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို
ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ်
ချောင်းခြားချစ်သူဆီ ရောက်ဖို့
ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့
ရထားတစ်စင်းရှိတယ်
မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်
လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို
ကိုက်ဖမ်း ဆွဲဟပ်နေတဲ့
အာသာငမ်းငမ်း လခြမ်းပဲလည်းရှိတယ်
သောက်သုံးရေ အလုံအလောက်မရ
ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့
သစ်တောတွေလည်းရှိတယ်
လူတွေဟာ မျောက်ကနေဆင်းသက်လာသတဲ့
ဒါဖြင့် လက်ရှိမျောက်တွေက ဘာကြောင့် လူဆက်မဖြစ်သလဲ
အဲဒီလို ထိုးထိုးထောင်ထောင် စိတ်ကူမျိုးတွေနဲ့ပေကျံ
အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်
မိန်းမ၊ စကြ၀ဠာ၊ ငွေစက္ကူ
ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ
ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ်
နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဒဏ်ရာတွေဟာ
အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်ြ
လောကဓံဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်တယ်
အနှစ်သုံးဆယ်စာရာသီတွေကို စိမ်းလန်းမှုတစ်ခုပေါ်သွန်ချ
အနံ့အသက်ကလေး တချွင်ချွင်နဲ့
ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း
သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့
ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ
ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ
ဆုံးဖြတ်လို့ မပြီးခင်
သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ
ဘုရားသခင်ဟာ ခင်ဗျားတို့ ကျွန်တော်တို့အတွက်
ကြေးစားနံပါတ် တစ်ဆယ်သုံးကို စေလွှတ်ပေးခဲ့တယ်။ ။
(ရယ်စရာ – ဇူလိုင်၊ ၂၀၀၁)
အခုတော့ ဖျောက်တောက်တောက်ပဲ
ကောက်ရပစ္စည်းလို ဒီလိုပဲလေ
အလွယ်တကူ တောင်တွေဟာ
တစ်လုံးပြီး တစ်လုံး ကျော်သွားကြတယ်
ပြီးတော့လည်း အကြားတွေ ကြားထဲက ဘ၀အကျိုးများ
ဆွဲထုတ်လိုက် အစတစ်စကို ဆတူဖြစ်ချင်မှ ဖြစ်
အစတူတူ မတူတူ မဆုံးသေးဘူး အစတွေလား
ပြုံးထားကြပေါ့ သုံးစားမရတာတွေချည်း မိုးကောင်းတုန်း
ပြုံးထား ပြုံးထား ပါးပါးကလေး လုံးသွားတယ် စရွေးကိုက် ဆတူ
အလွယ်တကူ တောင်တွေဟာ
တစ်လုံးပြီး တစ်လုံး ကျော်သွားကြတယ်
ပြီးတော့လည်း အကြားတွေ ကြားထဲက ဘ၀အကျိုးများ
ဆွဲထုတ်လိုက် အစတစ်စကို ဆတူဖြစ်ချင်မှ ဖြစ်
အစတူတူ မတူတူ မဆုံးသေးဘူး အစတွေလား
ပြုံးထားကြပေါ့ သုံးစားမရတာတွေချည်း မိုးကောင်းတုန်း
ပြုံးထား ပြုံးထား ပါးပါးကလေး လုံးသွားတယ် စရွေးကိုက် ဆတူ
လုံးလုံးကလေး ပါးသွားတယ် ပြုန်းတီးသွားတယ် အပြုံးများ
တရားသေ မှတ်နေကျ တရားစာတွေကို အလုံးလိုက်ရွတ်သွင်း
ဖြစ်/ပျက် နေမှတော့ အမြင်တွေထဲ ထည့်ထားပေါ့ စိုက်ထားပေါ့
ဘုရားသခင်လည်း မိုးထဲ ရေထဲ ထီးဝင်ရိုးမှာ တန်းလန်း
ငုတ်တုတ် ချိတ်ခံထားရတာ အချိန်ပေါက်စေ့ ထိုင်ရင်းမဖြစ်တော့
ရေတွက်နေဖို့ ပြီးခဲ့သော ရက်များအကြောင်း ဘောင်သွင်းမလို့
ခေတ်ထဲ ကျန်းမာစွာတာဝန် ထမ်းဆောင်လျက်ရှိနေပါတယ်
သေချာနေတာပါ ပြန်စရာအိမ် မရှိသေးလို့ပါ ဂျိမ်းရေ။
တောကျောင်းဆရာ
တရားသေ မှတ်နေကျ တရားစာတွေကို အလုံးလိုက်ရွတ်သွင်း
ဖြစ်/ပျက် နေမှတော့ အမြင်တွေထဲ ထည့်ထားပေါ့ စိုက်ထားပေါ့
ဘုရားသခင်လည်း မိုးထဲ ရေထဲ ထီးဝင်ရိုးမှာ တန်းလန်း
ငုတ်တုတ် ချိတ်ခံထားရတာ အချိန်ပေါက်စေ့ ထိုင်ရင်းမဖြစ်တော့
ရေတွက်နေဖို့ ပြီးခဲ့သော ရက်များအကြောင်း ဘောင်သွင်းမလို့
ခေတ်ထဲ ကျန်းမာစွာတာဝန် ထမ်းဆောင်လျက်ရှိနေပါတယ်
သေချာနေတာပါ ပြန်စရာအိမ် မရှိသေးလို့ပါ ဂျိမ်းရေ။
တောကျောင်းဆရာ
ရန်သူမဲ့သော နေ့ရက်များ
မနက် မျက်နှာသစ်ဖို့ပြင်တိုင်း
သွားတိုက်သံပေါ်မှာ လွဲချော်မှုကို တွေ့ရ
မွှေးနံတွေနဲ့ ကြေကွဲ
ရာသီဥတုက ခြေပြတ်လက်ပြတ်အနေအထား
အရက်ဆိုင်မှာတောင် လူပါးသတဲ့
"နွား" ဆေးလိပ်တစ်လိပ်နဲ့ ခုခံထားရင်
ခံသာမယ် ထင်တယ်။
သွေ့ခြောက်ခြောက် သစ်ရိပ်စိမ်း...တဲ့
ဒါဟာ ပျက်ချော်မှုတစ်ခုပါ
မွတ်မွတ်သိပ်သိပ် ငြင်းဆန်ရဲ့
မြောက်မြားစွာ လမ်းချော်ပြီးခဲ့ပါပြီ။
တနင်္ဂနွေများ
အဖန်တလဲလဲ တနင်္ဂနွေများ
နာတာရှည် တနင်္ဂနွေများ
စေးနှဲသူသာ အစီအနင်းများ
ညည်းညူသံများ
ရွှင်လန်းဝမ်းမြောက်ကြပါစေ။
ဒီလိုနဲ့
ကျွန်းကို လွမ်းခဲ့
ကာလရေကြည်တစ်စက်မှာ
အသက်ရှုသံတွေ အငွေ့ပျံ
အသက်ခွက်ထဲ ဘဝကို ရေခံကြည့်သောအခါ
အသက်ရှင်ခွင့်က လွဲပြီး
အားလုံး ဖိတ်စင်ကွဲရှခဲ့ပေပြီ။
ညီမလေး မမမြင့်ရေ
* တို့နှလုံးသားတွေနဲ့သာ ထုဆစ်ခဲ့ကြတာပေါ့ကွယ်
(တို့နှလုံးသားတွေနဲ့သာ တို့ခေတ်ကို ထုဆစ်ခဲ့ကြတာပေါ့ကွယ်)
သေချာလွန်းတာက
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှုံးလွန်းလှတယ်ကွယ်။ ။
မောင်ချောနွယ်
မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့တဲ့နေ့ဖြစ်တယ်
မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကျေပြီး
အိပ်ယာပေါ်မှာ အလူးလူးအလိမ့်လိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံအသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။
နေဝင်နေထွက်ချိန်တွေလဲ
ငါ့မှာမသိတော့ပါ...
ငါ့အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ...
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာမဆုပ်မိ မကိုင်မိတော့ပါ။
ငါဟာ
'ဝိမုတ္တိ'ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်းအသက်ရှုခဲ့ရတယ်
တနင်္ဂနွေတရက်ထင်ပါရဲ့
စကြာဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တန်တစ်ချောင်း
လက်ဆောင်ပေးတယ်။
ပြီးတော့...
"မိတ်ဆွေကြီး ခရီးသစ်ထွက်တော့"တဲ့
အဲဒီလို ပြောအပြီးမှာ
စွတ်ဖါးလှည်းကလေးစီးကာ ထွက်သွားတော့တယ်။
ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တန်နဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ။ ။
မောင်ချောနွယ်
မျက်ရည်စစ်စစ်တွေ
ငါတို့အရိပ်တွေ တိုတိုလာခဲ့
ဟောဒီ
ကမ္ဘာမြေပေါ်
အရိပ်ကလေးတစ်ရိပ် ဖိတ်စဉ်မှာတောင်
ကြည်ကြည်လင်လင် မစီးခဲ့ရချေဘူး
ရှုံးလိုက်တာ။
လောကကြီးမှာ
သူ့နေရာနဲ့သူ စားရမယ့်အစားအစာ
ရှိနေကြမှာကိုပဲ
သူ့နေရာသူ့အစာ
ရှိကြတာကိုပဲ
ခုတော့... ဒီမှာ
ငါ့ပေါင်မုန့်တွေကို လာလာပြီးလုနေကြ
ဘယ်သူတွေတုန်း...
ဘယ်ဂြိုဟ်က ဂြိုဟ်သားတွေတဲ့တုန်း
ဘယ်ချောင်က ထွက်ထွက်လာနေတဲ့
နိတိအဆုံးအမတွေတဲ့တုန်း
ဘယ်လို ကံဇာတာဝတ်စုံတွေတုန်း
ဘယ်လိုမကောင်းဆိုးဝါးတွေတဲ့တုန်း
ဘာလဲ
ဥက္ကလာဟိုးမားက အိုးမဲ့အိမ်မဲ့တွေလား။
ဟော်လန်က နို့ချက်သမားတွေလား။
ဘာလဲ
စကော့တလန်က အရက်ချက်သမားတွေလား
ဘာလဲ
အမရပူရက ရက်ကန်းသမားတွေလား
ဘာလဲ
ငါးတန်ချောင်းက ငါးဖမ်းသမားတွေလား
ဘာလဲ
မန်ကျီးပင်သုံးခွက ဆားချက်သမားတွေလား
ငါ့မှာဖြင့် ဆုံးရှုံးလိုက်ရတဲ့ ငါ့ပေါင်မုန့်တွေ။
မဟုတ်ဘူး
ဘယ်နတ်ဒေဝတာမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်ဂြိုဟ်သားမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်စုန်း ပြိတ္တာ တစ္ဆေမ ဖုတ်ဘီလူးမှ လာမလုဘူး
လူလူချင်းသာ လာလုယက်နေကြတာ။
ဒီအမှု
ဒီအမှုသာ
ဆေးသားရေးချယ် စီကုံးလို့ရရင်
ဒီအမှုသာ ဆင်ဖိုနီလယ်ဆွဲဖြစ်ခဲ့ရင်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
ဟုတ်တယ်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
အလုခံရတဲ့ ငါ့ပေါင်မုန့်တွေ
ငါဘာလို့များ နှမျောပေးတော့မှာလဲလေ။
ခုတော့ဖြင့်
ငါ့ တူရာသီမှာ မီးလာလာတောက်တောက်နေတယ်
ခုတော့ဖြင့်
ငါ့ ကန်ရာသီမှာ ကြာတွေလာလာပေါက်နေတယ်
ခုတော့ဖြင့်
ငါ့ သိဟ်ရာသီမှာ ခြင်္သေ့လာလာဟောက်ဟောက်နေတယ်
လှလိုက်တာ
သုခုမနှယ်မြောက်လိုက်တာ
ငါ့ပေါင်မုန့်တွေ ပျောက်ပြီးရင်း ပျောက်ပျောက်နေတော့ရဲ့။ ။
မောင်ချောနွယ်
မောင်ချောနွယ်ရဲ့လက်ဆောင်
နံပါတ်တစ်ကို One လို့ခေါ်ရင်
နေမင်းကြီးကို Sun လို့ခေါ်တယ်။
နံပါတ်နှစ်ကို Two လို့ခေါ်ရင်
ငါ့တို့ကျောင်းကို School လို့ခေါ်တယ်။
နံပါတ်သုံးကို Three လို့ခေါ်ရင်
သော့ကလေးကို Key လို့ခေါ်တယ်။
နံပါတ်လေးကို Four လို့ခေါ်ရင်
တံခါးမကြီးကို Door လို့ခေါ်တယ်။
နံပါတ်ငါးကို Five လို့ခေါ်ရင်
စွန်ကလေးကို Kite လို့ခေါ်တယ်။
နံပါတ်ခြောက်ကို Six လို့ခေါ်ရင်
ရေကန်ကြီးကို Lake လို့ခေါ်တယ်။
နံပါတ်ခုနှစ်ကို Seven လို့ခေါ်ရင်
စံပယ်ပန်းလေးကို Jasmine လို့ခေါ်တယ်။
နံပါတ်ရှစ်ကို Eight လို့ခေါ်ရင်
ပုဆိန်ကြီးကို Axe လို့ခေါ်တယ်။
နံပါတ်ကိုးကို Nine လို့ခေါ်ရင်
ကောင်းကင်ကြီးကို Sky လို့ခေါ်တယ်။
နံပါတ်တစ်ဆယ်ကို Ten လို့ခေါ်ရင်
ဖောင်တိန်လေးကို Pen လို့ခေါ်တယ်။
မောင်ချောနွယ်
မောင်ချောနွယ်အတု-မောင်ချောနွယ်
မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက်
ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …
မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့ခမျာမှာ
ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။
မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ …။
မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကိုသူ့ခွက်ထဲ
အရင်ထည့်ပေးသူ့ကို
အရင်သောက်စေခြင်းနဲ့မြှောက်စားရမယ်တဲ့ …။
မောင်ချောနွယ်အတုကပြောတယ်
ငါတို့ဟာအေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီး မဟုတ်ခဲ့တာသေချာဖို့လိုတယ်တဲ့ …။
မောင်ချောနွယ်အတုကပြောတယ်
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေကမ္ဘာလောကကြီးကို ရှုမျှော်ကြည့်ရမယ်တဲ့ …။
မောင်ချောနွယ်အတုကပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန် ဒေါင်းနင်းသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာဘယ်ရှိမလဲတဲ့ …
လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့မောင်ချောနွယ်အတုက ပြောတယ်။
မောင်ချောနွယ်အတုဟာ
သူ့ဇနီးသည်ညီမလေး မမမြင့်မှာ
(တကယ်တော့ညီမလေးပါပဲ
သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်းပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ်နေ့စဉ် ထိသိနေရသူသတိတရ
အားစိုက်နေရသူအချစ်ကိုသွားတစ်ချောင်းအပေါ် ပုံနေရသူမျှသာဖြစ်လေရဲ့။
တကယ်တော့မောင်ချောနွယ်အတုဟာ
လူဖြစ်ပြီးမောင်ချောနွယ်အစစ်ဟာလူမဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။ ။
မောင်ချောနွယ်
ကစားပွဲ
အဓိပ္ပာယ်ရှိတဲ့ညတစ်ညကို
မင်းငါ့ဆီက ဝယ်လို့မရနိုင်ဘူး
တကယ့်ကို ငါဟာ
အတုယောင်ဆောင်ထားရတဲ့
အစစ်တစ်ခုပါကွာ။
မင်းရဲ့အပြင်းစားရိုက်ချက်တွေ
ငါ့ကိုမထိမှန်တာပဲ
ငါ့ အားနာရဲ့။
ရေချိန်လွန်တဲ့ နူးညံ့သိမ်မွေ့မှုတွေနဲ့
အရေပြားပေါ်က ဒုက္ခတရားတွေကို
ကူညီဖြေရှင်းဖို့
ငါရောက်လာခဲ့တာ။
ရွှေနဲ့လုပ်တဲ့ ညနေခင်းတွေကို
သီချင်းတစ်ပုဒ်နဲ့အရည်ဖျော်လိုက်
မှားနေတဲ့ အမှန်တရားတွေထဲ
မုသားတွေလောင်းထည့်လိုက်။
တယ်လီဖုန်းကို အသုံးပြုတဲ့
ကြွေအံကစားနည်းဟာ မရှိခဲ့ရင်
ဟောဒီအစမ်းသပ်ခံမျက်နှာပြင်မှာ
မင်းနဲ့ငါ လက်ရည်တူတွေပဲ။ ။
ပိုင်စိုးဝေ
ရွှေမင်းဂံ မဂ္ဂဇင်း
၁၉၉၄
အမှတ်တမဲ့နေ့များ
တစ်စုံတစ်ခုသောနေ့များစွာက
သဲထူတဲ့မြေလမ်းမပေါ်
ငါနင်းလျှောက်ခဲ့တဲ့ခြေရာတွေ
အခုရှိနေဥိးမလား။
အဲဒီတုန်းက
ငှက်တချို့တေးသီ
ယာခင်းထဲက ပြောင်းပင်တွေကို ကိုက်ဖြတ်လို့။
လေဟာ လွင့်ပါး
ဟိုသည်ပြေးလွှား။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ တရှဲရှဲမြည်လို့။
ဒါဟာ သူတို့အလုပ်ပဲတဲ့လေ။
ကလေးဘဝနဲ့လူကြီးဘဝဆိုတာ
အဝေးကြိးလား ဖေဖေ
အဲသလို ငါမေးပြီးတော့
လေလိုပဲ လွင့်ပါး
လေလိုပဲ ဟိုသည်ပြေးလွှား
စိမ်းညို့တဲ့ တောတန်းတွေပေါ်ရှပ်တိုက်
ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေပေါ်ပျံဝဲ
သစ်ပင်တွေရဲ့ထိပ်ဖျားမှ
မြင့်မားတဲ့ မိုးကောင်းကင်ဆီ။
ဒီလိုပဲ
ဆော့ကစားနေတဲလေဟာ
စိမ်းစိုတဲ့လယ်ကွင်းတွေပေါ်ဖြတ်
ဖြူရော်ရော်နေ့တွေက
လေးပင်တဲ့ငါ့ကိုယ်ပေါ်ဖြတ်။
ကလေးဘဝနဲ့ လူကြီးဘဝဆိုတာ
ဟောဟိုမှာ ဆက်စပ်နေတဲ့
လယ်ကွင်းပြင်နဲ့ တောအုပ်လိုပါပဲ
လူကလေးရယ် …
အဲဒီလိုငါဖြေတော့
လူကလေး
လယ်ကွင်းထဲ ပြေးဆော့သွား
သူ့ကိုယ်ပေါ်
ဖြူရော်ရော်နေ့တွေက ဖြတ်
ငါလျှောက်ခဲ့တဲ့ သဲထူထူ မြေလမ်းပေါ်
လူကလေး ဖြတ်သွားနေပေါ့။
သူ့နေ့တွေမှာ
ငှက်တချို့ တေးသီနိုင်ပါ့မလား။ ။
ပိုင်စိုးဝေ
ပေဖူးလွှာမဂ္ဂဇင်း
ဧပြီ။ ၁၉၉၁
လူဖြစ်ရခြင်းဟာ နည်းနည်းမှ တုန်လှုပ်စရာမကောင်းဘူး
ကိုယ်စီးမယ့်ကား ကိုယ်စောင့်တားရသလို
ဒဏ်ရာတွေ ဒလက်လို လည်တော့
အရာအားလုံးဟာ သတိအနေအထားအတိုင်း. .
နေမြဲ။
လူဆိုတာ အဆင်မပြေမှုကို
သရုပ်ဖော်ပေးရုံသက်သက်ပဲ
အပ်တစ်ချောင်းချင်း၊ ပန်းတစ်ပွင့်ချင်း၊
သွေးတစ်စက်ချင်း၊
မျက်ရည်တစ်ပေါက်ချင်း၊ ဘ၀တစ်ခုချင်း. . .။
လျှော့ဈေးပေးလည်း ဘေးထွက်မရပ်နိုင်ဘူး။
ပေါင်မုန့်တွေ ခပ်ထုံထုံ ရိုက်ခတ်သမျှ
မင်းရောငါပါ နံရိုးတွေ အက်နေ
ယိုင်ထွက်သွားတဲ့ ညည်းညူသံတွေကြားမှာ
ကရုနာမဲ့ခြငးဟာ ဖြုတ်စရာမလိုတဲ့ခလုတ်
ခံစားမှုက ယမ်းငွေ့တွေအူကုန်ပြီ
ဖြူစင်ရိုးသားခြင်းဟာ သွေးပျက် စက်ဆုပ်စရာလား
လူဖြစ်ရခြင်းဟာ နည်းနည်းမှ တုန်လှုပ်စရာမကောင်းဘူး
နေထိုင်မှုတွေက ရိုင်းရိုင်းစိုင်းစိုင်းဆီးကြို
ဆင်ခြေတွေက ကိုယ့်အမှားကိုယ်တောင် မထေမဲ့မြင်
သိုး၊ ဖျံ၊ ခြသေ့င်္၊ ပျားရည်၊ နို့၊ အသား
ဒဏ္ဍာရီပုံပြင်ထဲက ရေလဲပုဆိုးဟာ ခေတ်သစ်ဒီဇိုင်းနဲ့
ဘယ်လောက်မြင့်မြင့် ခုန်ဆင်းရမဲ့ကျင်းက
တိမ်လွန်းတယ်
လူဖြစ်ရခြင်းဟာ နည်းနည်းမှ တုန်လှုပ်စရာမကောင်းဘူး
စောင့်ကြိုမှာလား၊ ထွက်ပြေးမှာလား
အချိန်စေ့တော့ ပြန်တွေ့ရုံပဲ…ဒဏ်ရာတွေ
ဒလက်လို လည်တော့ လူဖြစ်ရခြင်းဟာ…။
ငယ်ငယ်၊ကျောက်ဆည်၊
ရယ်စရာ၊ ၂၀၁၀၊ ဖေဖော်ဝါရီ
လောကဓံ
အကာအကွယ်မဲ့နေ
မိုးစက်တွေ လာစင်ကြပေမယ့်
တံထွေးတစ်စက်မှ မစိုခဲ့ရဘူး
စိတ်က လုံနေလို့
ဒါတောင် မြားတစ်စင်း ရင်ဝစိုက်ခဲ့တာ
ငါမသိလိုက်ရဘူး။
ရယ်စရာ (ဒီဇင်ဘာ၊ ၂၀၀၈။)
မေ့ပစ်လိုက်ပါ
ရေကူးခြင်းဟာ
သိပ်လွယ်လွယ်လေးပဲထင်လို့
ခုန်ချလိုက်မိတာ။
သက်သေပြစရာဆိုလို့လည်း တခြားဘာမှမရှိခဲ့ဘူး။
အသဲနှလုံးကိုမပေးပါနဲ့
ပိုက်ဆံတစ်ဆယ်ပဲချေးခဲ့စမ်းပါကွာ
ကိုယ့်ဆီရောက်လာတဲ့သူများရဲ့ဒုက္ခ ဆိုတာလည်း
ကိုယ့်ဒုက္ခပဲပေါ့။
တကယ့်ကို
ရသပျက်တဲ့ညတွေပါ
သီချင်းမဟုတ်တာတွေ
သီချင်းလုပ်ပြီးဆိုနေရ
အံသွားအချင်းချင်းကြိတ်ပြီးတော့သာ
ချစ်ခြင်းမေတ္တာကိုဖွဲ့ဆိုနေရ
အဆုံးသတ်မရတဲ့လှည့်ဖျားမှုတွေသာ
မိုးအလင်းရွာချနေရဲ့။
ဒီအချိန်
ကိုယ့်စိတ်နှလုံး ငြိမ်သက်မှုရဲ့ တစ်စက္ကန့် အတွင်းမှာ
တောင်တန်းတွေ ရွေ့လျားပျောက်ကွယ်သွားကြပေါ့။
မောင့်အချစ် မအေးကြည်လေး။
မေ့ပစ်လိုက်ပါ
မေ့ပစ်လိုက်စမ်းပါ
ယားယံတတ်တဲ့ အရေပြားတွေဆိုတာ
ငွေနဲ့ ဖြားယောင်းဖို့
အလွယ်လေးပေါ့။ ။
ပိုင်စိုးဝေ
၉။၁၂။၉၅
မြို့ ပြမိန်းမတစ်ယောက်နဲ့ အချစ်အကြောင်းစကားစမြည်
ဆာလောင်မွတ်သိပ်နေတဲ့ မျက်လုံးတွေနဲ့
အောက်တန်းကျတဲ့ ဓားသွားတွေနဲ့
ရန်ကုန်မြို့ ကြီးဟာ
ရှင်ခဏခဏဆိုနေကျ သီချင်းထဲကလို
“ ဘဝသံသရာ…..”
တကယ်လို့
ရန်ကုန်မြို့ ကြီးဟာ ဝင်္ကပါဆိုရင်
ကျွန်မတို့ဟာ ဝင်္ကပါထဲက ကြွက်ဖြူလေးတွေပေါ့
အသားတစ်တုံးမရမချင်း
မြို့ ပြရဲ့ လမ်းမတွေမှာ
သူ့အသက် ကိုယ့်အသက်လုလို့
ကျွန်မတို့ ပြေးလွှားနေကြရဦးမှာပေါ့
အဲဒီလို မရေရာတဲ့ ဘဝကို
ကျွန်မ
ပုံမှန်အတိုင်း ဖြတ်သန်းနေပါတယ်
တက္ကသိုလ်က ဘွဲ့တစ်ခုရထားတယ်
သင်တန်းတော်တော်များများ တက်ထားတယ်
ကျွန်မရတဲ့ လခက
ကျွန်မ ဖိနပ်တစ်ရံဖိုးတောင် မရှိချင်ဘူး
ကျွန်မမက်တဲ့ အိပ်မက်တွေကလည်း
ကျွန်မညနဲ့တောင် သိပ်မဆန့်ချင်ဘူး
ဘာပဲပြောပြော
ကျွန်မပျော်ရွှင်စွာ နေထိုင်နေပါတယ်
အားတဲ့အခါ တစ်ခြားမိန်းမတွေလိုပဲ
ကျွန်မလည်း Chatting ဝင်တယ်
Chat room ထဲမှာ Nickname တစ်ခုရှိရင်
ချစ်ခြင်းမေတ္တာ ၊ သစ္စာတရားဆိုတာ ရေလဲသုံးဖို့ပဲ
ဘဲအလန်းဇယားလေးတွေဆိုရင်
Web cam ကတဆင့် အီလိုက်မှာပဲ
ကျေးဇူးပြုပြီး
ချစ်ခြင်းမေတ္တာအကြောင်း ကျွန်မရှေ့ မှာ အသံလာလာထွက်မပြပါနဲ့
ရှင်ဒီလောက်ယုံကြည်ရအောင်
ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင်မဟုတ်ဘူး
ခုတစ်လော
ကျွန်မဆံပင်တွေ နှစ်ခွဖြစ်နေတာလောက်
သစ္စာတရားဟာ စိတ်ဝင်စားစရာမကောင်းဘူး
ရှင်မကြာခဏပြောပြောနေတဲ့
Platonic Love ဆိုတာကလည်း ကျန်ခဲ့ပြီ
ရှင်သိထားဖို့က ရှင့်ဆီမှာ
ကားပါရင် လန်းမယ်
လက်ကိုင်ဖုန်းရှိရင် ချစ်ခြင်းမေတ္တာဆီ ဖုန်းဆက်ရတာ
အဆင်ပြေမယ် ၊ လွယ်ကူမယ်
အရာရာဟာ ခေတ်ကာလက တောင်းဆိုတဲ့အတိုင်း
အရာရာဟာ
ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ရိုက်ခတ်မှုအတိုင်း
ဘာ
ကောင်းကောင်းနေဖို့
ဟုတ်လား
ကျွန်မမျက်စိထဲမှာ ရှင်ဟာ စိတ်ကူးယဉ်ဝါဒနဲ့ ပြုပြင်ရေးသမားပဲ
ရှင်မက်နေတာ
ကျွန်မအဖိုးတို့ခေတ်က အိပ်မက်အဟောင်းအမြင်းကြီးပဲ
ရှင်သိထားဖို့က
မိန်းမမာယာတို့ ဘာတို့ဆိုတာ
ဇာတ်တော်ထဲမှာ ကျန်ခဲ့ပြီ
မိန်းမတို့ ဣနြေ္ဒဆိုတာ
အရှိန်ပြင်းပြင်းမောင်းသွားတဲ့ လင်ခရုဇာပေါ်ပါသွားပြီ
ကျေးဇူးပြုပြီး
ရှင့်စကားလုံးတွေနဲ့ ကျွန်မသိက္ခာကို ဖြတ်ဖြတ်မရိုက်ပါနဲ့တော့
ကျေးဇူးပြုပြီး
ကျွန်မနေမှုဘဝထဲ ခေတ်မစားတော့တဲ့ ရှင့်အတွေးအခေါ်တွေနဲ့
မီးလို လာလာမတောက်ပါနဲ့တော့
ရှင်ပြောပြောနေတဲ့
ဗာစကို ပိုပါတို့
မီရောစလဗ် ဟောလုဗ်တို့ကို ကျွန်မမသိပါဘူး
ရှင်ပြောပြောနေတဲ့
မောင်ချောနွယ်တို့
ဖော်ဝေးတို့ကိုလည်း ကျွန်မမသိပါဘူး
ကျွန်မသိတာ
Triumph
Wacoal
L’Oreal
Camella
ပြီးတော့ ကျွန်မသိတာ
ကမ္ဘာမြေကနေ
သစ်တောတွေ တစ်ရွေ့ ရွေ့ ဆုတ်ခွါနေကြပြီ
ယဉ်ကျေးမှုချင်း တိုးတိုက်မိကုန်ပြီ
ကျွန်မတို့ မြင်နေရတဲ့ ကမ္ဘာဟာ အသစ်အသစ်ပဲ
လိုက်လျောညီထွေ မဖြစ်ရင်
မြို့ပြဟာ ရှင်တို့ ကျွန်မတို့ကို ဝါးမြိုသွားမှာပဲ
ဒီတော့
ရှင်ပြောပြောနေတဲ့
Prose Poetry တို့
Deconstruction တို့
Dadaism တို့ကို ကျွန်မ မသိဘူး
ဟုတ်တယ်
ရှင့်ရဲ့ ကဗျာအနုပညာနဲ့ ပတ်သတ်ရင်
ဘာဆိုဘာမှ ကျွန်မ မသိဘူး
သိလည်း မသိချင်ဘူး
ဒါပေမယ့် လွယ်ပါတယ်
ဆယ်ခါတစ်ခါပေါ့
သိချင်တဲ့အခါ လိုအပ်လာတဲ့ အခါကျတော့လည်း
Google ဖြစ်ဖြစ်
Yahoo ဖြစ်ဖြစ်
Alltheweb ဖြစ်ဖြစ်
ကြိုက်တဲ့ Search Engine နဲ့ရှာကြည့်လိုက်ရုံပေါ့
ပြီးတော့ ကြုံတုန်းပြောရဦးမယ်
ကျေးဇူးပြု၍ ကျွန်မအကြောင်းတွေ
ရှင့်ကဗျာထဲ ထည့်ထည့်မရေးပါနဲ့
ရှင်သစ္စာတိုင်ရအောင်
ကျွန်မက ရာဇဓာတုကလျာ မဟုတ်ဘူး
ကျွန်မက ရှင်နှောင်းလည်း မဟုတ်ဘူး
ရှင်ပြောပြောနေတဲ့ ညီမလေးမမမြင့် ဆိုတာလည်း ကျွန်မ မသိပါဘူး
ဒါပေမယ့်
နာတာလီကိုတော့ ကျွန်မ သဘောကျတယ်
ဘယ်လိုလဲ
ရှင်ရော ပွတ်ရှကင်လို သေနတ်ချင်းယှဉ်ပစ်ချင်သေးလား
သစ္စာမဲ့မှုလက်အစုံနဲ့
ရှင့်ပါးကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ခံရရင်
ရှင်ဘယ်လိုတုံ့ပြန်မလဲ
ကျွန်မ သိချင်သေးတယ်
ရှင်ရယ်….
မြို့ပြဘဝအခင်းအကျင်းမှာ
ခေတ်ပြိုင်လူ့အဖွဲ့အစည်းမှာ
လိုအပ်ချက်အရ ကျွန်မလည်း Ezee 2 ကို သိရတယ်
Safety Period ကို သိရတယ်
ဒါကို ရှင်အထင်မသေးပါနဲ့
ကျွန်မသိတာ တစ်ချက်အကွက်ရွှေ့ မှားရင်
အစားခံရဖို့ပဲ
ချစ်ခြင်းမေတ္တာဆိုတာ
ကျွန်မ မယုံကြည်ရဆုံးစစ်မျက်နှာပဲ
ရှင်လည်း
ကျန်းမာအောင်နေပါ
ပျော်ရွှင်စွာ နေထိုင်ပါ
ကဗျာတွေချည်း ဖိရေးမနေနဲ့
အရက်တွေချည်း ဖိသောက်မနေနဲ့
ရှင်လည်း ရှင့်ဘဝနဲ့ရှင်
ကျွန်မလည်း ကျွန်မဘဝနဲ့ ကျွန်မ
ဘာကို စိတ်ကူးယဉ်ဆန်နေဦးမလဲ
ပြီးတော့ ရှင်သိထားဖို့
ကျွန်မပြောမယ်
ဘဝဆိုတာ
ရှေ့ တစ်လှမ်းမတိုးရင် နောက်ဆုတ်တာပဲ
ချစ်ခြင်းမေတ္တာဆိုတာ
နေ့စဉ်ဘဝ Program ကို ဖျက်ဆီးပစ်မယ့် Spyware ပဲ
ဒီတော့
ရှင်နဲ့ ကျွန်မ ဘယ်လိုရှေ့ ဆက်မလဲ။ ။
ဘုန်းနေသွန်း
၁၀နာရီ၊ ၄၇မိနစ်။
၃၊ နိုဝင်ဘာ ၊ ၂၀၀၉။
အရိပ်များ
မေ့ချင်ယောင်ဆောင်ထားတဲ့ အတိတ်
အသက်ရှူနေသမျှ ကျောမှာပိုးထားရတဲ့ ကံကြမ္မာလို
ခြေခွင်ရင်ခွင် မခွင်ရရင် လက်ကောက်
ငါ့မှာ ချို့ယွင်းချက်တွေနဲ့။
ရှုခင်းတို့ရေ..
အဖြစ်အပျက်တို့ရေ..
အနုပညာတို့ရေ..
နှစ်တွေ အကြာကြီး ကြာပြီးသွားကာမှ
ပြန်လှည့်လာခဲ့တယ်။
ထိန်ထိန်တောက်တောက် နေ၀င်ကာနီး တိမ်များ
လှည့်စားခဲ့ပါပြီ။ ။
ခင်အောင်အေး
၁၆၊ ဇူလိုင်၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၈း၂၃ နာရီ
ဝေးသူ
စကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား
ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ်
အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ်
ဒါဟာ တကယ်ဖြစ်ခဲ့တယ်။
လ၀န်းကျကွဲသံတွေကြားမှတော့
ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး
ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့်
တစ်နေ့တော့”ဆိုတာ
ဘယ်တော့ပွင့်”မလဲလို့။
တာရာမင်းဝေ
မျှော် ( ရွှေဘုန်းလူ )
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။
ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။
ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။
တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။
မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။
ရွှေဘုန်းလူ
ပလပ်စတစ်အရေခွံ
သူမရဲ့ ခန္ဓာကိုယ်ပေါ်က အ၀တ်အားလုံး ကြမ်းပြင်ပေါ်ပုံကျသွားကြပြီ
ရုပ်ဖျက်ထားတဲ့မုန်တိုင်းတစ်ခုလို တိတ်ဆိတ်တဲ့ခြေလှမ်းတွေနဲ့ သူမ
ငါဆီ ချဉ်းကပ်လာနေရဲ့
အဲ့ဒီခဏ၊ ငါ့ကိုငါ မေ့လျော့သွားခဲ့တယ်
သူမ ပြုံးလိုက်ရဲ့
နှင်းဆီပွင့်ဖက်လေးတစ်ခုကို မနက်ခင်းလေပြည်က နိုးထစေသလိုမျိုး
ငါ့နှလုံးသားထဲမတော့ တောမီးလောင်သွားစေမယ့် မုန်တိုင်းတစ်ခုလိုမျိုး
ထားလိုက်၊ ဘယ်သူမှ မငြိမ်းသတ်လိုက်ကြပါနဲ့ ။
သူမရဲ့ အနမ်းတွေကို ငါယုံကြည်တယ်
ကောင်းကင်ဘုံရဲ့ အိပ်မက်တချို့ကို ငါ့နှလုံးသားထဲမှာ စိုက်ပျိုးခဲ့လိမ့်မယ်လို့
ငါ မျှော်လင့်ထားခဲ့တယ်
ရေခဲတောင်တစ်ခုကိုတောင် အရည်ပျော်သွားစေမယ့် နှုတ်ခမ်းတစ်စုံနဲ့
သူမ ငါ့ကိုနမ်းပစ်လိမ့်မယ်လို့ ။
တကယ်တော့ ငါထင်သလိုမဟုတ်ခဲ့ပါဘူး
ငါ့နှုတ်ခမ်းတွေက ငါ့ကို ပြန်ပြောနေရဲ့
သူတို့ တကယ်နမ်းရှိုက်လိုက်မိတာက
ပလပ်စတစ်အရေခံတတ်ထားတဲ့ အေးစက်စက်နှုတ်ခမ်းတစ်စုံကိုတဲ့ ။
ရုတ်တရက် တွန်းဖယ်ပစ်လိုက်တဲ့ ငါ့လက်ချောင်းတွေကို
သူမ တအံ့တသြကြည့်နေရဲ့
ပြီးတော့၊ အဖျားတက်တုန်ရီနေတဲ့ မေးခွန်းတွေ
သူမရဲ့ နှုတ်ခမ်းဖျားကနေ ထွက်ကျလာတော့တယ် ။
မြစ်တွေထက်ရှည်လျားတဲ့ စကားလုံးတွေနဲ့ ငါ ရှင်းပြနေသေးရဲ့
သူမရဲ့ ခန္ဓာကိုယ်ပေါ်ရောက်နေတဲ့
အဲ့ဒီ အေးစက်စက် ပလပ်စတစ်အရေခွံတစ်ခုအကြောင်း
ဒါပေမယ့်၊ သူမကတော့ အခိုင်အမာယုံကြည်နေဆဲပေါ့
ဒါတွေဟာ သူမခန္ဓာကိုယ်ရဲ့ တောက်ပတဲ့အသားစတွေလို့ ။
အဲ့ဒီနောက်တော့ သူမရဲ့ကိုယ်ပေါ်က ပလပ်စတစ်အရေခွံတစ်ခုက
သူမနဲ့ ငါ့ကြားမှာ မိုင်ပေါင်းများစွာ ဝေးကွာစေတော့တာပါပဲ။
နောက်ထပ်လည်း နှလုံးသားပေါင်းများစွာ ။
မှန်တစ်ချပ်ရဲ့ ရှေ့မှာ သူမရပ်နေရဲ့
သူမကိုယ်သူမ စူးစမ်းနေပုံပါပဲ
မျက်နှာပေါ်က အညစ်အကြေးတချို့ကို ရေနဲ့သန့်စင်လိုက်တယ်
ဒါပေမယ့် ဒါဟာ သူမရဲ့ ပလပ်စတစ်အရေခွံကိုတော့
ကွာကျမသွားစေနိုင်ဘူးပေါ့
စိတ်ရှုပ်ထွေးစွာနဲ့ ငါ့ကို တစ်ချက်လှမ်းကြည့်လိုက်ရဲ့
အဲ့ဒီနောက် အရင်နေ့များစွာအတိုင်း အခန်းအပြင်ကို ထွက်သွားတော့တယ် ။
သူမ ဘယ်ကိုသွားလိမ့်မယ်ဆိုတာ ငါ မသိဘူး
စာသင်ကျောင်းတွေဆီကိုလား၊ ဒါမှမဟုတ် ဘုရားကျောင်းတွေဆီကိုလား
ရုပ်ရှင်ရုံတွေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုအခမ်းအနားတစ်ခုခုဆီ
သူမ ရောက်ရှိနေမှာလား ။
သေချာတာတစ်ခုတော့ ငါသိနေရဲ့
သူမပြန်ရောက်လာတဲ့အခါ၊ ပိုပြီးထူထပ်ရှုပ်ထွေးတဲ့ ပလပ်စတစ်အရေခွံတွေ
သူမကိုယ်ပေါ် ကပ်ပါလာမယ်ဆိုတာပါပဲ ။
အခန်းတံခါးဖွင့်သံကြားလိုက်ရတယ်၊ သူမပြန်ရောက်လာပြီထင်ရဲ့
မဟုတ်ဘူး၊ သူမပြန်ရောက်လာတာမဟုတ်ဘူး
ဒါ အေးစက်တဲ့ ပလပ်စတစ်အရေခွံတစ်ခု ပြန်ရောက်လာတာ
နောက်ဆုံးတော့ ငါ ရွံရှာဖူးတဲ့ တခြားသောသူတွေအတိုင်းပေါ့
သူမကိုယ်ပေါ်မှာလည်း ထူထပ်တဲ့ ပလပ်စတစ်အရေခွံတစ်ခုက
အခိုင်အမာရောက်ရှိနေခဲ့ပြီ ။
သူမလျှောက်လာတယ်။ အိပ်ရာပေါ် လဲကျနေတဲ့ ငါဆီ
သူမပြောနေရဲ့ ၊ပလပ်စတစ်အရေခွံတတ်ထားတဲ့ စကားလုံးတချို့နဲ့
သူမနမ်းလိုက်ရဲ့ ၊ ပလပ်စတစ်အရေခွံတတ်ထားတဲ့ နှုတ်ခမ်းအစုံနဲ့
သူမဖတ်ထားရဲ့
ပလပ်စတစ်အရေခွံတတ်ထားတဲ့ အေးစက်စက်လက်ချောင်းရှည်တွေနဲ့
ပြီးတော့ ငါ့ကိုချစ်နေရဲ့ ၊ ပလပ်စတစ်အရေခွံတတ်ထားတဲ့ နှလုံးသားတစ်ခုနဲ့ ။
ငါလိုချင်တာ မိတ်ကပ်လိမ်းထားတဲ့ နှင်းဆီပွင့်တွေ မဟုတ်ဘူးလို့
သူမကို အော်ပြောလိုက်မိရဲ့
ပြီးတော့ သူမကိုယ်ပေါ်က ပလပ်စတစ်အရေခွံကို ငါ့လက်ချောင်းတွေနဲ့
ဆုတ်ဖြဲပစ်လိုက်တယ် ။
ဘယ်မှာလဲ
သူမယုံကြည်ထားသလို လူ့ခန္ဓာကိုယ်ရဲ့ သွေးတစ်စက်မှ ထွက်ကျမလာဘူး
ဒါပေမယ့် သူမကတော့
အသားစတွေစုတ်ပြဲသွားသလို နာကျင်စွာအော်ဟစ်နေလေရဲ့ ။
ပြီးတော့ ငါ့ကိုအတင်းအကျပ် ဖက်တွယ်ထားရင်းက သူမ ငိုကြွေးနေ
နောက်တော့ ငါ့ပုခုံးပေါ် သူမရဲ့ မျက်ရည်တချို့ လိမ့်ဆင်းလာတော့တယ်
ဘယ်လောက် စိတ်ရှုပ်ထွေးစရာပါလဲ
အဲ့ဒီမျက်ရည်စက်တွေကတော့ ပလပ်စတစ်အရေခွံမဲ့တဲ့
လူသားရဲ့ အစစ်အမှန် မျက်ရည်စက်တွေ ဖြစ်နေပြန်ရဲ့ ။
(အမဲလိုက် အက ကဗျာစာအုပ်မှ )
မြင့်မိုးအောင်
သံသရာကြိုးဝိုင်း
-တီအသား
ငါးဝါးမြို
-ငါးအသား
လူဝါးမြို
-လူအသား
မြေ၀ါးမြို
-မြေကိုတော့
တီကောင်မြိုသတဲ့
-အို ...။
ခိုင်မြဲကျော်စွာ
ဒီရေစီးသံ၊အမှတ်(၅)
ဝိုင်အရက်ဆိုင်
ဝိုင်အရက်ခန်းနံရံမှာ
ဘယ်လိုအရက်တွေ ရနိုင်ကြောင်း ဖော်ပြထားတယ်
ဝိုင်အရက် သက်တမ်းတွေကို တွက်ချက်ပြထားတယ်
ဝိုင်အရက် သောက်ပုံသောက်နည်း လမ်းညွှန်ချက်တွေ ကပ်ထားတယ်
ဝိုင်အရက် တစ်ခုစီက ရနိုင်တဲ့ အရသာကို အချက်အလက်ထုတ်ပြထားတယ်
ဝိုင်အရက် သောက်ခြင်းဖြင့် လူကြီးလူကောင်းပီသမှုကို ရရှိမှာဖြစ်ကြောင်း တိုက်တွန်းထားတယ်
ဝိုင်အရက်ခွက်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ပုံစံတွေ ပြထားတယ်
ဝိုင်အရက်သောက်ဖော်သောက်ဖက်တစ်ယောက် လိုအပ်ရင် ဆောင်ရွက်ပေးနိုင်ကြောင်း ကြေငြာထားတယ်
ဝိုင်အရက်စားပွဲ ဘယ်နှစ်လုံးတိတိရှိကြောင်း ရေတွက်ပြထားတယ်
ဝိုင်အရက် မသောက်သုံးခြင်းဖြင့် မိန်းမတွေရဲ့ ငြင်းပယ်ခံရမှာဖြစ်ကြောင်း သတိပေးထားတယ်
ဝိုင်အရက် တစ်လီတာမှာ ဘုရားသခင်ဘယ်လောက်ပါဝင်နေကြောင်း ဆွဲဆောင်ထားတယ်
ဝိုင်အရက် လိုချင်တဲ့ ပင်လယ်ဓားပြသင်္ဘောတွေဆက်သွယ်ဖို့ တယ်လီဖုန်းနံပါတ်တစ်ခု ပေးထားတယ်
ဝိုင်အရက် အထူးအစီအစဉ်အဖြစ် သားကောင်တွေကို ပုဆိန်နဲ့ခုတ်ဖြတ်နေပုံကို
တင်ဆက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ထားတယ်
ဝိုင်အရက် ကလပ်ရဲ့ စားပွဲထိုးတွေဟာ သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကြောင်း ဖုံးကွယ်ထားတယ်
ဝိုင်အရက်ခန်း နံရံမှာ ၀ံပုလွေမျက်လုံးတွေကို မီးလုံးအဖြစ် တပ်ဆင်ထားတယ်
ဝိုင်အရက်ဆိုင်ထဲမှာ “၀ိုင်အရက်၊ အိပ်ရာနဲ့ ညှဉ်းပန်းနှိပ်စက်မှု” ဆိုတဲ့ သီချင်းတစ်ပုဒ် ဖွင့်ပေးထားတယ်
ဝိုင်အရက်ခန်းထဲဝင်ဖို့ ၀တ်ဆင်ရမယ့် ကုတ်အင်္ကျီအမျိုးအစားကို သတ်မှတ်ထားတယ်
ဒီကနေ့ရဲ့ အသောက်သုံးနိုင်ဆုံးလူကြီးမင်းရဲ့အမည်ကို ထုတ်ဖော်ပေးပါမယ်လို့ ၀န်ခံထားတယ်
ကဲ … ခင်ဗျားအနေနဲ့ ၀ိုင်တစ်ခွက်လောက် သောက်ကိုသောက်ရမှဖြစ်မယ်ဆိုတဲ့ စိတ်ကူးမျိုး
ပေါ်လာတော့တာပဲ မဟုတ်လား
ဝိုင်အရက်ဟန်ဆောင်ထားတဲ့ လူ့ဘ၀ကြီးထဲ သွားကြပါစို့။
◄ ပိုင် ►
၂၀၀၆ ခုနှစ်၊ မေလထုတ်၊ မဟေသီမဂ္ဂဇင်းမှ ပြန်လည်ကူးယူတင်ပြပါသည်။
မွန်ရိုးသို့တမ်းချင်း
အဲဒါ “ပြာမလော့” လေ
ဘီယာဗူးခွံတွေ မြစ်ရေထဲ ပစ်ပေါက်
လှိုင်းတွေ ခွက်ကပ်နဲ့ မူးကြ
ဟောဒီ ချစ်ကံခေလွန်းလှတဲ့ကောင်
အောင်ပြီးမှ ဝေးရတဲ့ ငါပါ မာရီလင်ရယ် ။
ရေဆန်ခရီးဟာ အထီးကျန် မီးအိမ်လေးတစ်လုံးနဲ့ပဲ
ကြယ်ရောင် ပါးကွက်ကျား
ကောင်းကင် ရင်သား ဟင်းလင်း
အသည်းနှလုံးကွဲတွေ ဂျင်းဘောင်းဘီ အိတ်တစ်လုံး အပြည့်
အဲလို နှင်းတွေ ပိနေတဲ့ည
မျှော်လင့်ရင်းနဲ့ သေဆုံးသွားရမယ့် ငါပါပဲ မာရီလင် ။
ငါစိတ်နာတယ်
ထူးအိမ်သင်ရဲ့ အမေ့ရဲ့ ဒုက္ခအိုးကြီး
တစ်ဘ၀လုံး ငါ့ကို ထမ်းပိုးခဲ့တဲ့ မြေကြီး
မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့ ဟောဒီ ခေတ်ကြီးလေ
မာရီလင်ရေ... မင်းလိုပဲ
ဒါတွေကို ငါမေ့ပစ်လိုက်ချင်ပါရဲ့ ။
ဘ၀ဆိုတာ လှပစွာ ဆင်းရဲတတ်ရုံပဲလား
ငါ့ကိုယ်ငါ ပြန်မေးနေရတဲ့ သွေးရူးသွေးတန်း ည
အဲဒါ ပြာမလော့လေ ၊
ဘီယာဗူးခွံတွေ မြစ်ရေထဲ ပစ်ပေါက်
လှိုင်းတွေ ခွက်ကပ်နဲ့ မူးကြ
နောက်ဆုံး ငါရောက်ရမယ့် ရင်ခွင်ဆီ
“ဖြိုး”ဆိုတဲ့ ပဲ့ထောင်ကလေးက
ပြေးဆဲ...
မာရီလင်ရေ
မာရီလင်ရေ
မာရီလင်ရေ
မင်း အိပ်စက်ရာ
လဲလျှောင်းဖို့ငါလာပြီ။
ဖေဖော်ဝါရီ ၇၊ ၁၉၉၄ခုနှစ်။
အောင် ဝေး
အဖျားသွေးငွေ့ငွေ့
ဒဏ်ရာဟာ ဇိမ်ခံပစ္စည်းတစ်ခုပဲ
ခြေထောက်သန်းပေါင်းများစွာ ကမ္ဘာမြေပေါ်ချခဲ့ကြ
ငါဟာ နာမ်စားမှဟုတ်ပါလေစ။ ။
မင်းစိုးရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ဧပြီ၊၂၀၁၀။
ခွဲခွာ
တိတ်ဆိတ်စွာ
တလွင့်လွင့်လှုပ်ခတ်နေတဲ့
ဇာပ၀ါခန်းဆီးလေးရယ် . ..
အမှောင်မလာခင်အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ...
ညနေတွေ အိပ်မက်ဆန်လွန်း
အပျော်ရွှင်ရဆုံးဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေလိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ ...
တမြေ့မြေ့စိုက်ဝင်လာတဲ့ဒဏ်ရာကိုပဲ
တယုတယချွန်မြနေရတယ်။ ။
မင်းစိုးရာ
ဖက်ရှင်မဂ္ဂဇင်း၊ဇွန်၊၂၀၀၉။
စက်ဝန်း
နေ့ဟာ အိပ်မက်တပုဒ်လို ယောင်ကမ်းကမ်းနဲ့
အမှောင်ထဲ ပြေးဝင်သွားခဲ့ရဲ့
ည.. ခြေသံလုံလုံနဲ့ ပေတိပေစောင်းဝင်လာ
အလင်းစ မှန်သမျှကို ငြိမ်းသတ်လိုက်ပြီး သန်းခေါင်နဲ့မင်းမူလိုက်တယ်
မိုးသောက်ပြန်ရင် မပျင်းမရိနဲ့
အရုဏ်တက် တေးဂီတကို အိပ်ချင်မူးတူးနဲ့ တီးမှုတ်လိမ့်အုန်းမယ်
နေရောင်ခြည်တွေ စွေစောင်းကျလာပြီဆိုရင်တော့
နောက်ထပ် သိပ်မက်လောက်စရာမရှိတဲ့ အိပ်မက်တပုဒ် အတွက်
နောက်ထပ် နေ့တစ်နေ့ဟာ လည်စင်းပေးလျက်သား အဆင်သင့်ဖြစ်နေလောက်ပြီ။ ။
ခင်အောင်အေး
၃၊ အောက်တိုဘာ၊ ၂၀၁၁ ဂလပ်စကို၊ စကော့တလန် ၂၃း၂၃ နာရီ
မိုးသားတွေရဲ့ အဝေး
ကော်ဖီတစ်ခွက်၊ စီးကရက် လက်ကြားညှပ်ပြီး
မှန်တံခါးရဲ့ အပြင်ဘက်ကို ငေးနေတယ်
ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး
သစ်သားပွတ်လုံး ထိုင်ခုံမှာထိုင်လို့
ပြောင်လက်နေတဲ့ သစ်သားပရိဘောဂ ကျွန်းစားပွဲပေါ်မှာ
ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ
ညဆယ့်နှစ်နာရီ တိတိကို 12:00 pm လို့ ချရေးလိုက်တယ်
တွေးနေတဲ့ အတွေးထဲမှာ
သစ်ပင်တွေ ဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့
ဒီနေရာမှာ သကြားအစား
စကားတစ်ခွန်း နှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ ချိုသွားမယ့်ည
ညောင်းညာလွန်း၊ ငြီးငွေ့လွန်း
အစားအသောက်ရဲ့ အရသာဟာ အပြင်ထွက် လမ်းလျောက်နေရရှာတယ်
အံ့သြဖွယ်၊ အံ့သြဖွယ်၊ အံ့သြဖွယ်
အံ့သြဖွယ် ကောင်းလောက်အောင် အံ့သြဖွယ်တွေ ထပ်နေပြီ
အံ့သြဖွယ် ကောင်းလောက်အောင် နာကျင်မှုကို မဖွဲ့ဆိုဖူးဘူးတဲ့
ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ
ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့
အံ့သြဖွယ် ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား
အရင်ဘဝက ကျခဲ့တဲ့မျက်ရည်ဟာ ခု ခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ
အံ့သြဖွယ် ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား
အရင်ဘဝက ကြည့်ခဲ့တဲ့ မှန်ထဲမှာ
အရင်ဘဝက ခင်ဗျားမျက်နှာကို တွေ့ရမယ်
အရင်ဘဝက ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲမှာ
အရင်ဘဝက ရှုခင်းဟာ စိမ်းလို့မှောင်လို့
သစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်ပြီ။ ။
မင်းစိုးရာ
19.2.2010
နေထန်းတစ်ဖျား
အနားမှာ ဘယ်သူမှမရှိပေမယ့် စကားတွေ အများကြီး ပြောဖြစ်နေတယ်
ပျံသန်းသွားတဲ့ စကားလုံးတွေ အတော်များများကတော့ ပြန်မလာကြတော့ဘူး
လေထုထဲကနေ ပြန်ရလိုက်တာက အမည်နာမရှိတော့တဲ့ အထီးကျန်ခြင်း ..
ကိုယ်သတင်းစာတွေ မဖတ်ဖြစ်တာ အတော်တောင်ကြာနေပြီ …
ရေမှာမျောနေတဲ့ ငှက်မွှေးတွေကိုကြည့်ပြီး မကြာခဏ စိတ်အလာ့ဂျစ် ဖြစ်ရတယ်
(ဖြစ်နေပုံက)ကျောကဓားတွေကိုလည်း လက်ကလေးနဲ့အသာအယာ သပ်ချတတ်နေပြီ ..
ကြိုးကွင်းလို လာလာစွပ်တတ်တဲ့ မျှော်လင့်ခြင်းတွေနဲ့လည်း သဟဇာတသိပ်မဖြစ် ..
ရုပ်ရှင်တွေ မကြည့်ဖြစ်တာလည်း အတော်ကြာပြီ …
ခုတလော .. တစ်ယောက်တည်း စကားတွေအများကြီး ပြောဖြစ်နေတယ်
စိတ်မမှန်သူတစ်ယောက်ရဲ့ နားလည်ရခက်တဲ့ အရောင်အသွေးစုံ ရုပ်ရှင်လို ..
အဆက်အစပ်မမိတဲ့ အရောင်တွေ …. စကားလုံးတွေ … ဘာမှမဆိုင်တဲ့ ဇာတ်ကောင်တွေနဲ့
ကိုယ့်ရဲ့ ပန်းချီကားလေး အသံဝင်နေတာလည်း အတော်ကြာပြီ ..
အတောင်ညောင်းနေတဲ့ မြို့ကြီးပေါ်မှာ ခဏလောက်တော့ နားချင်သေးတယ်
ရှင်သန်ခြင်းကို ငြီးငွေ့လာလို့ ညစ်ကန်ကန် ခွေပတ်နေတဲ့ မြစ်ကျဉ်းလေးလိုပါပဲ ..
တရားသဘောနဲ့ဆင်ခြင်လိုက်ပြန်တော့ အရာအားလုံးဟာ စကြဝဠာထဲက “ ကြယ်”
ကြီးမားလွန်းတယ်လို့ အမှန်တကယ်သိပေမယ့် သိပ်ကို ဝေးကွာ သေးငယ်လွန်းနေခဲ့
လသာညတွေမှာ အပြင်ထွက်မကြည့်ဖြစ်တာလည်း ကြာပြီ ..။
လက်ရှိအခြေအနေ အစစ်အမှန်ကဘာလဲ .. လရောင်လား၊ တေးသွားလား၊ ကခုန်မှုလား
တရားသဘောလို့ ချချရေးပြီး တယောပြားလေးနဲ့ အလွမ်းပုန်းခုတ်ခုတ်နေမိတဲ့ ပြဇာတ်
အမှတ်မရှိ သညာမရှိ မကြာခဏ ခေါင်းထိုးခံပေးမိနေတဲ့ ဝဋ်နာကံနာများ ..
သင် မကြားလိုက်လည်း တစ်ယောက်တည်း ဆိုနေမိတဲ့ တေးသွားဟာ
နေမြင့်နေပြီ ……. လို့ အမည်တပ်ခံထားရတယ်။ ။
မနော်ဟရီ
ညလှည့်စား
မောင့်ချစ်သူ လိပ်ပြာ
ညခါဖြင့် အိမ်မက် ။
နံနက်နေရောင်လာတော့
ခင့်လိပ်ပြာရှာမတွေ့တယ်
နှင်းငွေ့နှင်းစက် ။ ။
ဒေါင်းနွယ်ဆွေ
ငါဒီနေ့ ကဗျာရေးမလား
ငါဒီနေ့ ကဗျာရေးမလား
ငါမနေ့တုန်းက ကဗျာမရေးဘူး
ဟိုး မနေ့တနေ့က ငါကဗျာရေးတယ်
ငါ တမင်သက်သက် ကဗျာမရေးပဲ နေလိုက်တာလား
ငါ့ကို ကဗျာကလာမရေးလို့ ငါကဗျာမရေးဖြစ်တာလား
သူလာ မရေးရင် ငါကဗျာ မရေးတော့ဘူးလား
ဒီနေ့ရယ် ဟိုနေ့ရယ်လို့ ကဗျာရေးမယ့်နေ့ကို စာရင်းတို့ထားလား ဥပမာ..
ပြဿဒါးနေ့ဆို ကဗျာမရေးဘူး ရက်ရာဇာကျရင်ရေးမယ်လို့သတ်မှတ်ထားလား
ငါ ဒီနေ့ ကဗျာရေးမလား
ငါ ဒီနေ့ ကဗျာမရေးဘူးလား
ငါ ဒီနေ့ ကဗျာရေးခြင်းမရေးခြင်းဟာ ငါနဲ့ငါ့ပတ်ဝန်းကျင်ကို ဘယ်လို သက်ရောက်စေမလဲ
ငါ ကဗျာရေးဖို့ အရေး ကဗျာရေးသင့်တယ် မရေးသင့်ဘူးဆိုတာ အရင် စဉ်းစားချင့်ချိန်ရမလား
ငါ ဒီနေ့ ကဗျာမရေးဖြစ်ဘူးဆိုရင်..
ငါ ဒီနေ့ ကဗျာ ရေးဖြစ်တယ်ဆိုရင်..
အကယ်၍ ဘယ်တော့မှ ကဗျာမရေးဖြစ်တော့ဘူးဆိုရင်..
အကယ်၍ ဘယ်တုန်းကမှ ကဗျာမရေးဖြစ်ခဲ့ဘူးဆိုရင်..
ဟင်… ဘယ်တုန်းက ငါ ကဗျာရေးခဲ့ဘူးလို့လဲ
တကယ်တမ်းက ငါ ဘယ်တုန်းကမှ ကဗျာ မရေးခဲ့ဖူးဘူး
တကယ်တမ်းက ငါ ဘယ်တုန်းကမှ ကဗျာ မရေးတတ်ခဲ့ဘူး
တကယ်တမ်းက ငါနဲ့ ကဗျာနဲ့ ဘာမှ မဆိုင်ဘူး
တကယ်တမ်းက ငါနဲ့ ကဗျာနဲ့ ဘာမှ မပါတ်သက်ဘူး
ဒါပေမယ့် ဒီနေ့ ငါ ကဗျာစ စမ်းရေးကြည့်မလား လို့
ဒါပေမယ့် ဟိုး မနေ့တနေ့က ငါကဗျာရေးခဲ့ဖူးသတဲ့
ဒါပေမယ့် မနေ့တုန်းက ငါ ကဗျာမရေးဘူးတဲ့
ဒါပေမယ့် ငါ ဒီနေ့ ကဗျာရေးမလား။ ။
ခင်အောင်အေး
၅၊ ဧပြီ။ ၂၀၁၁ ဘန်ကောက် ၁၈း၅၀ နာရီ
မွေးနေ့သို့
အချိန်တိုင်း
မနက်ဖြန်ကို မတွေးတယ်။
မခုတ်ဓားလို
ဓားအိမ်ထဲမှာပဲနေ
ငါ့အသက်ကို ဖွက်ထားတယ်။
မွန်းကြပ်မှုနဲ့ အဆုံးသတ်လေမလား
နေ
နေစဉ်ခဏ
တရားကိုယ်နဲ့
သင်္ဘောတစ်စင်း စုန်လာရင်
ရေကို ကျေးဇူးတင်ရမယ်။
.
(လှိုင်းသစ် – ၂၀၀၉)
သူခိုးဗျို့ သူခိုး
တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံမှာ အဲဒီအသံကို
ငါ ကြားရတယ်။
သူခိုးဗျို့ သူခိုး
ဒီကဗျာခေါင်းစဉ်ကို ငါ ဒီလိုပေးလိုက်တယ်
သူခိုးဗျို့ သူခိုး
ညထဲ လူတစ်ယောက် ပြေးဝင်သွားတယ်
သူခိုးဗျို့ သူခိုး
ငါအိပ်လို့မရတော့ဘူး ခက်တာဘဲ
ဒီအသံဘဲ ကြားကြားနေတယ်
သူခိုးဗျို့ သူခိုး
လူတစ်ယောက်ကို အမျိုးအစား ခွဲခြားပြတာလား
သူခိုးဗျို့ သူခိုး
အားလုံးကို အော်ဟစ်အသိပေးလိုက်တာလား
သူခိုးဗျို့ သူခိုး
သူ့ရဲ့ ကျွမ်းကျင်မှုကို ချီးမွမ်းတာတော့ မဖြစ်နိုင်
သူခိုးဗျို့ သူခိုး
သြော် – ဘယ်သူများပါလိမ့်
သူခိုးဗျို့ သူခိုး
မနက်လင်းရင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ကြပေလိမ့်
သူခိုးဗျို့ သူခိုး
မိုးကဖွဲဖွဲလေးကျလို့ ညဥ့်နက်နက်မှာ
သူခိုးဗျို့ သူခိုး
လူတစ်ယောက်ဖြတ်ပြေးသွားတာ တွေ့လိုက်မိသလား
သူခိုးဗျို့ သူခိုး
ငါ ဒုက္ခရောက်ရပေါ့ ဆူဆူညံညံညထဲ
ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး
ငြိမ်သက်နေမိ။
နေမျိုး
ဘယ်သူပြောပြော ကိုယ်ပြောတယ်
ကျွန်တော်တို့ လမ်းသစ်လမ်းလူငယ်လေးများ
ပြေးပြေး ရောက်ရာဘ၀က လွတ်အောင်ပြေး
သေတုံးကတောင် ဒီလောက်မကြေကွဲရဘူး
တစ်ယောက်ယောက်တော့ ရူးတော့မယ်
မူးပြီးရမ်းလို့ ရတာ တစ်ခုပဲရှိတယ်
မွှေနှောက်ချောက်ချားပြီး ရန်ကုန်ထဲဝင်လိုက်တာပေါ့
ကမ္ဘာကြီးကို ရထားသူပေါ့
မနက်ဖြန် ကိုယ်လိုက်ဖြန့်တော့မယ်
လူတွေမှ လူတွေကြားထဲ မိုးဆိုမှမိုး
မြစ်ထဲဆိုတော့ ပိုရွာတာပေါ့ ငါ့အသက်တစ်ရာရှိပြီ
အခုထိ အသည်းကွဲနေတုံးပဲ
အဘိုးကြီးကိုသနားပါကွာ
အရပ်ထဲမှောင်ပြီး အရိပ်ထဲလောင်လို့ 
လျှံတက်လာတဲ့ ရေထဲ မြေကြွက်လည်း ယက်ကန်ယက်ကန်
သေလို့ ရတာချည်းပဲ သမံတလင်းပေးလှဲချလို့ 
ထပ်ကာထပ်ကာပြောစမ်းကွာ
ဒီနာမည်ကို ကျွန်တော်ယူထားမိတာ
ည ည အိပ်မပျော်တော့ဘူး
ဘာမှမရှိတာကိုပဲ လာလာကြည့်နေကြ
ဆေးရုံကြီးတစ်ခုလုံးမှာ ဗန်ဂိုး ကုတင်တစ်ခုတည်းပဲ
ကဗျာဆရာတည်းခိုခဲ့ ဖူးတဲ့ ဟိုတယ်ဆိုတာ တစ်ခုတည်းနဲ့ 
ကမ္ဘာလှည့်ကိုဆွဲခေါ်လို့ 
အဲ့ ရပ်ကွက်ကအတော်ပဲ ကျွန်တော်ပြမယ့်ပြကွက်နဲ့ 
ခင်ဗျားတို့ လမ်းတောင် လွတ်မယ်မထင်ဘူး
အကြာကြီး စဉ်းစားခိုင်းတယ် မင်းလက်လွှဲယူမလား
ငါရောင်းရမလားပေါ့
သံတုံးသံခဲတွေနဲ့  သူလည်းအကြာကြီးမနေနိုင်ခဲ့ ဘူးလေ
သံရည်ကျိုအတတ်ပညာ သံတုံးသံခဲလှီးဖြတ်ပုံသွင်းသူ
ဘယ်လဲဆိုတော့ ပတ်နေတာလေ
နေရောင်အောက်မှာ မဟုတ်ရင် အမှောင်ထဲမှာ တလက်လက်
မီးထိုးထွက်သွား ကားထဲမှာ
ဘာ အဝေးကိုတွေးနေတာလား လှည့်ပြန်နေတာလား
လူတစ်ယောက်ဆိုရင် လူတစ်ယောက်
တစ်ဖက်တည်းမဟုတ်ဘူးလေ
သူငယ်ချင်းလက်ဖက်ရည်ဆိုင်လည်း ပိတ်တယ် ဒီရက်မှာ
မိဘဂုဏ်ရော သစ္စာမွန်ရော
သံလမ်းဒီဘက်တစ်လျှောက် မန္တလေး လမ်းလည်း
ချိုးကွေ့ သွားရင် မဒေါက်ေ၇ွှကျင်
ရန်ကုန်ဘက်ကဆိုရင် ဗိုလ်ချူပ်လမ်း
တစ်ခါက ညောင်လေးပင်ကိုဖြတ်သွားခြင်း ကဗျာဆရာ
အခု မိုးတွေရွာ အကြီးအကျယ်ရွာ
အခုရပ်သွားပြီ
U R OK
ကဗျာဆရာ မင်းဘယ်မှာလဲ
ဟေး ဟေး ဟေး
ဟိုင်း
ဟိုင်း ဟိုင်း
ဘယ်သူလဲ သိလား
အခုနေရပ်ရင် ငါးသောင်းရမယ်
သူ့ အောက်မှာ
လဲဦးမှာလား လက်ထဲကဟာပဲ ဆက်ဖွင့်မလား
ကြားထဲ ကြောင်တောင်တောင် ၀င်လာသေးတယ် ONE CALL
အခု ဖုန်းကိုင်တာ ဘယ်သူလဲပေါ့
အေး ဒါပဲ
နာရီကိုပဲ ဆက်လုပ်နေတယ်
တစ်မနက်ခင်းမှာပေါ့
နေရာတိုင်းမှာ လူအပြည့်
သမ္မတကြီး မောင်ချောနွယ်တောင်ရောက်လာတယ်
အိမ်ထဲ လယ်ထဲ ကိုင်းထဲ ကျွန်တော်တို့ သားသမီးများလည်း
ပါရင်ပါမှာပေါ့
နောက်ပြန်လှည့် / လည်တဲ့ နာရီထဲ / ပဲ
ငါတို့  ပြန်တွေ့ ရမယ့်လမ်းပေါ့ မင်းလွမ်းရင်
ကျွန်တော်တစ်သက်လုံး လုပ်ခဲ့ တာပါ
အဲ့ ဒီနောက် မတွေ့ ရတာ့ဘူးလေ
တစ်ချိန်မှာ အတူရှိနေမယ့်နေရာ အခု မင်းသွားရင်သွားလေ
ငါ နာရီကလွဲလို့ ဘာမှမလုပ်ဘူး
တစ်နေ့ တော့ စာရောက်လာတယ်
အဖေလည်း တစ်ယောက်တည်း အိပ်ရာဝင်သွားတယ်
ကျွန်တော့်နာရီကိုကြိုက်မယ်ထင်ပါတယ်
တချို့ ကတော့ပြောတယ် သူအသည်းကွဲပြီးသေပြီတဲ့ 
တချို့ ကတော့ ပင်လယ်ဘက်ထွက်သွားပြီတဲ့  ပြောကြတာပဲ
ကမ္ဘာကြီးထဲ ၀င်လာတုန်းကအတိုင်းပဲ ပြန်သွားတော့မှာ
မွေးဖွားဖို့ အကောင်းဆုံးည
ညကို ည အတိုင်းထည့်ရိုက်လိုက်တာ
နာရီကတော့ ဆက်သွားနေတုန်းပါပဲ
တစ်နှစ်ပြီးတော့တစ်နှစ် လမ်းမှာ
နောက်တစ်နေရာမှာ ဘာ
ဒီဇာတ်လမ်းကိုဆက်ရေးနေတော့
မုန်တိုင်းက နာရီနည်းနည်းပဲလိုတော့တယ်
ကလေးတွေအတွက် အမေအတွက်
အသက်ပြင်းပြင်းရှုတာပဲရှိတယ်
ဘယ်နေရာတွေက ရောက်လို့ သူ့ ကိုယ်သူကလွဲပြီး
ဘယ်သူနဲ့ မှစကားမပြောတော့တဲ့ လူ
ဥာဏ်နဲ့ စွဲ / ဆွဲတော့ မြဲတာပေါ့ အရင်းကျမ်းကျေ / ကြေလို့ 
ဒါမှမဟုတ် မလာတဲ့ ကား စောင့်နေသလိုလို
ဒီနားက ထသွားပြီးတဲ့ အခါ ဟိုဘက်တစ်နေရာရာမှာလား
ရှေ့ ဆက်လျှောက်သွားမယ်ဆိုရင်ကော
နောက်လှည့်ပြန် ချိုးကွေ့ သွားမယ်ဆိုရင်
ဘတ်စ်ကားတစ်စီးစီးပေါ် တွယ်တက်သွားတော့မလိုလို
ဒီည ကမ္ဘာ့ဖလား ဖမ်းလို့ ရရင် ပြပါမည်ဆိုလား
ဒီနေ့  ထီပေါက်စဉ်ရောင်းပြီးရင် နောက်နေ့ မှတ်စု စာအုပ်လေးကို
ဘောလ်ပင်နဲ့ တွဲလျက် တစ်ရာ တစ်ရာ တစ်ရာ
ကျွန်တော့မှာ အများကြီးရှိတယ် ဘယ်အရာမဆိုပေါ့ / ဘယ်အရာမဆို
အခု အမှာစာယူလာသူ လက်စသတ်လိုက်ပါဆိုတာလိုပေါ့
စာဖတ်သူကွယ်လွန်ခြင်း
အမှာတွေက အဲသည်လို
တစ်ခုခုပြောလိုက်လား အမေ
အမေ့သားတွေ သမီးတွေ မြေးတွေလေ
ပန်းသီးဟာ အပင်ကနေ ဝေးဝေးမကြွေနိုင်ပါဘူး။
စိုင်းဝင်းမြင့်
Subscribe to:
Posts (Atom)